အကျဉ်းထောင်အတွင်း ဂုဏ်သိက္ခာမရှိသည့် ပုံစံ ဆက်ဆံခံရ ဟု ဖမ်းဆီးခံ ကရင်နီလူငယ်ပြော

0
55

ဇွန် ၁၇

ကျော်သူမြင့်

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ- ၁၀ နှင့် ကယားပြည်နယ်အစိုးရက တရားစွဲဆိုခဲ့ပြီး ဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် ခူကြူးဖဲကေး(ခ) ဂူးဂူးက အကျဉ်းထောင်အတွင်းနိုင်ငံရေးသမားတစ်ယောက်နှင့် ထိုက်တန်သည့် ဂုဏ်သိက္ခာမရှိ သည့်ပုံစံ ဆက်ဆံခံရသည်ဟု ယနေ့ ရုံးချိန်းအပြီးတွင် ပြောဆိုသည်။

ခူကြူးဖဲကေး အပါအဝင် လူငယ်(၆)ဦးက ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးမော်မော်နှင့် ကြေးရုပ်ဖြစ် မြောက်ရေးကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်း ချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်း သူများအဖြစ် ကြေညာကြောင်း မတ်လ(၂၅) ရက်က ထုတ်ပြန်ချက်အပေါ် ပြည်နယ် အစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို ဖမ်းဆီးအကျဉ်းချတာက ဒီကိစ္စကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး။ အကျဉ်း ထောင်အတွင်းမှာလဲ နိုင်ငံရေးသမားတစ်ယောက်နဲ့ ထိုက်တန်တဲ့ ဂုဏ်သိက္ခာရှိတဲ့ပုံစံမျိုးတွေနဲ့ ဆက်ဆံခြင်းကို မခံရဘူး”ဟု ခူကြူးဖဲကေးက ပြောသည်။

အကျဉ်းထောင်တာဝန်ရှိသူမှ ကြမ်းတမ်းစွာဆက်ဆံခြင်း၊ လူမဆန်စွာ ပြောဆိုမှုများနှင့် အခြားနိုင် ငံရေး အကျဉ်းသားနှင့် ပေးမတွေ့ခြင်း သတင်းအချက်အလက် ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့ သည်ဟု ၎င်းက ဆိုသည်။

လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ထားရှိခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ကရင်နီလူငယ်များက ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့ပြီး ရုပ်တုရွှေ့ပြောင်းရန်အတွက် ပြည်နယ်အစိုးရ နှင့် ပြေလည်မှုမရရှိခဲ့ပဲ အဆိုပါထုတ်ပြန်ချက်အား ပြည်နယ်အစိုးရဘက်မှ တရားစွဲဆိုခဲ့ပြီးနောက် လူငယ်(၆)ဦးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

လူငယ်(၆) ဦးမှ ခူကြူးဖဲကေး တစ်ဦးသာ ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့မှ ဆက်လက်ရှာဖွေလျက်ရှိ ကြောင်း သိရသည်။

ပြည်နယ်အစိုးရမှ စတင်စီစဉ်ခဲ့သည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နှင့် ပတ်သတ်၍ NRPC၊ ကယားပြည် နယ်အစိုးရ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကြေးရုပ်ဆန့်ကျင်ကန့်ကွက်သည့် သပိတ်ကော် မတီနှင့် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့ ငါးပွင့်ဆိုင်၊ လေးပွင့်ဆိုင် တွေ့ဆုံပွဲ နှစ်ကြိမ်ပြုလုပ် ခဲ့သည်။

နောက်ဆုံးတွေ့ဆုံခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ်က ကြေးရုပ်အား ပြောင်းရွှေ့မပေးနိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် သပိတ်ကော်မတီလူငယ်များက ဆက်လက်မဆွေးနွေးပဲ ဆွေးနွေးပွဲမှ ထွက်ခွာ ခဲ့သည့်အတွက် ဆွေးနွေးပွဲ ပျက်ခဲ့ပြီးနောက် သပိတ်ကော်မတီလူငယ် (၆)ဦးကို ပြည်နယ်အစိုးရ က ပုဒ်မ-၁၀ ဖြင့် တရားစွဲဆိုခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားစွဲဆိုခံရသူနှင့် မိသားစုဝင်များ စကားပြောဆိုခွင့်မရရှိကြောင်း သိရသည်။

ဒုတိယအကြိမ်ရုံးချိန်းကို ဇွန်လ(၂၄) ရက်နေ့တွင် လွိုင်ကော်တရားရုံးတွင် ဆက်လက်စစ်ဆေးမည် ဖြစ်သည်။

Leave a Reply