မြောက်ဦးတွင် လူစုလူဝေးဖြစ်ပေါ်ရာမှ ပစ်ခတ်လူစုခွဲရ၊ ၇ ဦးသေဆုံး ၁၂ ဦး ဒဏ်ရာရ

0
136

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ၊ ၂၀၁၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားပွဲပျက်ရာမှ လူစုဝေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်လူစုခွဲခဲ့ရာတွင် ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (၁၆ ရက်)တွင် ရခိုင်ဘုရင်ကျဆုံးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရန်အတွက် ခွင့်ပြုမိန့်မရသောကြောင့် ပွဲကိုဖျက်သိမ်း ခဲ့သော်လည်း ဒေသခံများက မကျေနပ်သောကြောင့် ဆန္ဒထုတ်ဖော်ရာမှ လူစုလူဝေးဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများသည် ပွဲပျက်သည်ကို မကျေနပ်သဖြင့် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်ခဲ့ရာမှ ခရိုင်ရဲစခန်းရှေ့သို့ ရောက်ရှိလာပြီးနောက် ရဲတပ်ဖွဲ့က လူစုခွဲရန်သတိပေးခဲ့သော်လည်း မခွဲသောကြောင့် လူအုပ်အတွင်းသို့သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သက်ဆိုင်ရာက လူစုခွဲရန်သတိပေးပြောကြားခဲ့သော်လည်း လူစုမခွဲဘဲ ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့်ပစ်ပေါက် ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ပေါက်ခဲ့ခြင်းဖြစ်ဗကြာင်း၊ ဆန္ဒပြလူထုကို ဥပဒေအဆင့်ဆင့် အတိုင်းသာ ဟန့်တားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောသော်လည်း လူအုပ်အတွင်းသို့ သေနတ်ကို အတွဲလိုက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်တွင်ရောက်ရှိနေသည့် သတင်းထောက်တစ်ဦးက ၄င်းလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရဲစခန်းရှေ့တွင်ပင် ငါးဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ရဲတပ်တပ်ဖွဲ့ဝင်များကိုယ်တိုင် ဆေးရုံသို့လာရောက်ပို့ဆောင်ခဲ့ ခြင်းဖြစ်ကြောင်းလည်း ဆက်လက် ရေးသား ထားသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ ၆ ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်နေပြီး သေဆုံးသူ ၇ ဦးအနက် ၆ ဦးမှာ မြောက်ဦး မြို့ပေါ်မှဖြစ်ကြောင်းလည်း ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုရေးသားချက်အရ သိရသည်။
မြောက်ဦး ရဲစခန်းနှင့် ခရိုင်ရုံးများကို ဆက်သွယ်မေးမြန်းရန်သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိသည့်အတွက် အာဏာပိုင်များ၏ တရားဝင်ထုတ်ပြန်ချက်များကို မသိရသေးပေ။

သျှင်ရဲထွဋ်

ဓာတ်ပုံ – Myat Thu Tun

Leave a Reply