ကျူးကျော်များအတွက် အိမ်ရာ ၃ လ အတွင်း တည်ဆောက်နိုင်ရန် မျှော်မှန်းထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

0
629

ဇွန် ၂၇
ဝေဝေဖြိုး

စက်မှုဇုန်များအတွင်း ကျူးကျော်နေထိုင်ကြသူများထဲမှ နေရေး လုံးဝ အခက်ခဲရှိဆုံးသူများ နေထိုင်နိုင်မည့် အိမ်ရာများကို လာမည့် ၃ လအတွင်း တည်ဆောက်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

“ပထမအဆင့်အနေနဲ့ နေရေး လုံးဝ အခက်ခဲရှိနေဆုံးသူကို စပြီး ကူညီပေးနိုင်ဖို့ ကြိုးစားပါမယ်။ ဒီနေရာမှာ စက်မှုဇုန်အတွင်းမှာ နေထိုင်နေကြတဲ့သူတွေကို ပေးမယ်။ ဘာကြောင့်ဆို မီးဘေးအန္တရာယ် အခြားသော ရေဘေးတို့ ရေနုတ်မြောင်းတွေကို စနစ်တကျ မရှင်းလင်းထားနိုင်လို့ ရေကြီးရေလျှံမှုတွေ ဖြစ်မယ်ဆိုရင် စက်မှုဇုန်အတွက် ရင်းနှီးမြှုပ်နှံထားတဲ့ သူတွေအနေနဲ့ အခက်ခဲတွေ ကြုံနိုင်ပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမြန်ဆုံးဆောင်ရွက်မှာပါ။ ကျွန်တော်တို့ မျှော်မှန်းထားတာက နောင် ၃လလောက်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်မယ်လို့ မျှော်လင့်ထားပါတယ်။ အခုချိန်ကစပြီး ပြင်ဆင်ဆောင်ရွက်နေပါတယ်။ သူတို့ကိုယ်တိုင်က လိုလိုချင်ချင်နဲ့ သွားပြောင်းပေးနိုင်တဲ့ ပုံစံမျိုး ဆောင်ရွက်ချင်တာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

စက်မှုဇုန်များအတွင်းရှိ နေထိုင်ရန် မသင့်သော ကျူးကျော် နေထိုင်သူများကို စနစ်တကျ ပြန်လည် နေရာချထားရေးကို ယခုမိုးရာသီအတွင်း ကြိုးစားဆောင်ရွက်သွားမည်ဟုဆိုသည်။

ကျူးကျော်နေထိုင်သူများကို စနစ်တကျ နေရာချ ထားပေးရေးနှင့်ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ မည်သည့်နေရာများတွင် ကျူးကျော်နေထိုင်နေကြသည်ကို အချက်အလက်များ ကောက်ယူ၍ စာရင်းပြုစုထားသည်ဟုဆိုသည်။

ယင်းကဲ့သို့ စာရင်းကောက်ယူထားမှုအရ ၇၀ ရာခိုင်နှုန်းခန့်မှာ စမတ်ကက်ရရှိထားသူများဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့်မှာ စမတ်ကက် မရှိသေးသော သူများကို တွေ့ရှိရသည်ဟုဆိုသည်။

“ကျွန်တော်တို့ဘက်ကနေ အချက်လက်ကောက်ယူ ထားတာတွေရှိပါတယ်။ ဒီ့အပြင် တိုးလာတဲ့ သူတွေလဲ ရှိနိုင်ပါတယ်။အဲ့လူတွေကို စာရင်းကောက်ယူပြီး သူတို့အတွက် နေရာချထားပေးရေးကို စီမံပါတယ်။”ဟု ဝန်ကြီးချုပ်ကပြောသည်။

ကျူးကျော်များအတွက် အိမ်ရာဆောက်လုပ်မည့် မြေသည် YCDC စီမံခန့်ခွဲနိုင်မှုရှိသည့် မြေများဖြစ်ပြီး ၎င်းတို့ သွားရေး ၊လာရေး ၊နေရေး အဆင်ပြေနိုင်သည့် အခြေနေနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် နေရာများတွင် အိမ်ရာတည်ဆောက်ရေးကို ချထားပေးရန် ပြင်ဆင်သွားမည်ဟုဆိုသည်။

သို့သော် ယင်းမြေပေါ်တွင် ဆောက်လုပ်မည့် အဆောက်အဦးများကို မိမိတို့ကိုယ်တိုင် ချေးငွေစနစ်ဖြင့် ဆောက်လုပ်ရမည်ဖြစ်သည်။

“မြေကို အစိုးရပိုင်မြေမှာ သူတို့နေထိုင်သူတွေရဲ့ စီမံခန့်ခွဲမှု အောက်ထဲကို ထည့်ပေးမယ်။
ဒီပေါ်မှာနေရမယ့် အဆောက်အဦးတွေကိုတော့ ချေးငွေစနစ်နဲ့ဆောက်ရမယ်။ အဲ့ချေးငွေကို နေသူက ပြန်ဆပ်ရမယ်၊ ဒါက ရောင်းပြစ်လို့မရဘူး၊ ငှားစားလို့မရဘူး၊ သူအမြဲတမ်းနေလို့ရအောင် ပြင်ဆင်ပါမယ်။ အဲ့အခြေနေကနေ သူတို့ရဲ့ အလုပ်အကိုင်အခွင့်လမ်းတွေ ရလာမယ် ။ လူမှုဘဝတွေ တိုးတက်လာမယ် ။ ဒီနေရာကနေ ပိုပြီးအဆင့်မြင့်တဲ့ တိုက်ခန်းတစ်ခန်းကို ရွှေ့ပြောင်းသွားမယ်ဆိုရင် ဒီနေရာကို ဒီလိုပဲ နေစရာမရှိတဲ့သူတွေကို ဆက်ပြီးနေလို့ရအောင် စီမံသွားပါမယ်”ဟု ဆိုသည်။

လက်ရှိတွင် ကျူးကျော်များ နေထိုင်နိုင်ရေးကို အမြန်ဆုံး စတင်နိုင်ရန်အတွက် လေ့လာဆန်းစစ်မှုများ ၊အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နေပြီဖြစ်ပြီး မကြာမီကာလတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်မှုပေါ်တွင် အမှန်တကယ် နေစရာမရှိ၍ ကျူးကျော်နေထိုင်ကြသောသူများ ၊ နေရေးအတွက် ခက်ခဲစွာ ငှားရမ်းနေထိုင် နေကြသည့် ပင်စင်စားများနှင့် အလုပ်လုပ်နေသော်လည်း စားဖို့ရန်သာ အဆင်ပြေ နေသေးသည့် သူများကိုပါ ထည့်သွင်းစဉ်းစား၍ ဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဟုဆိုသည်။

“အဲ့တာကို အစိုးရကနေဆောင်ရွက်တာမျိုးမဟုတ်ဘဲ ဒီဒေသမှာရှိတဲ့ ပြည်သူတွေက ဝိုင်းပြီးတော့ ကူညီဆောင်ရွက်ပေးတဲ့ ပုံစံမျိုးနဲ့ လုပ်ပါမယ်။
ဒီမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဒီဒေသက ပြည်သူတွေက အားလုံးပူးပေါင်းပြီး ဘယ်လိုအိမ်မျိုးကို ဆောက်ပေးရင် သူတို့အတွက် အဆင်ပြေနိုင်မလဲ အိမ်ရဲ့ပုံစံကအစ သူတို့သဘောတူတဲ့ပုံစံ နေရာနဲ့ ပတ်သက်ပြီးလဲ သူတို့အားလုံး သဘောတူတဲ့နေရာ ဒီအခြေနေပေါ်ကနေ ပြည်သူတွေကို ပြန်ပြီးနေရာချထား နိုင်ဖို့အတွက် ကြိုးစားသွားပါမယ်။ သူတို့ကြီးပဲ သီးခြားဖြစ်စေမယ့် အခြေနေမျိုး ကျွန်တော်တို့ မလုပ်ပါဘူး ။ ရောနှောနေထိုင်မှု ပုံစံမျိုးနဲ့ ဆောင်ရွက်ပါမယ်”ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ကျူးကျော်များအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နိုင်ရန် အရပ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် Women for World အဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်နေကြောင်း သိရသည်။

“အခု ကျွန်တော်တို့ စဉ်းစားနေတာက ၃၅ ပေ ၁၈ ပေ ပေါ့ ၊ ၁၅ ပေ အကျယ်ရှိတဲ့ အိမ်ပေါ့ ၊ဒါနဲ့ပတ်သက်ပြီး တည်ဆောက်မယ့်ပုံစံ ဈေးအသက်သာဆုံးနဲ့ သူတို့ နေထိုင်တဲ့သူတွေ အဆင်ပြေနိုင်ဆုံး နှုန်းထားနဲ့ ဆောက်ရမယ့် အခြေနေမျိုးကို ကြိုးစားပါမယ်”ဟု ဆိုသည်။

ကျူးကျော်များ နေစရာ ရနိုင်ရန်အတွက် မြေယာများကို ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်စည်ပင် သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ပေးရန် ပြင်ဆင်နေပြီး ယင်းအိမ်ရာများကို ချေးငွေဖြင့် တည်ဆောက်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းသွားမည်ဖြစ်သည်။

ယင်းတို့အတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်၍ မြေတန်ဖိုးကို ထည့်သွင်းမတွက်ဘဲ အိမ်တန်ဖိုးနှင့်သာ အရစ်ကျစနစ်ဖြင့် ရောင်းဝယ်ပေးနိုင်ရန် မျှော်မှန်းကာ ပြင်ဆင်ဆောင်ရွက်နေကြောင်းသိရသည်။

Leave a Reply