ပိုးလောက်လန်း စားသုံးသော အလှမွေးငါးများကို အခမဲ့ပေးမည်

0
156

ဇွန် ၂၈
ဝေဝေဖြိုး

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ပိုးလောက်လန်းစားသုံးသော အလှမွေးငါးများကို တောင်းခံလာပါက အခမဲ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအလှမွေးငါး လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ဦးကပြောသည်။

“ဒီရောဂါကာကွယ်ဖို့အတွက် သဘာဝချောင်းမြောင်းတွေ ထဲမှာ နေနိုင်တဲ့ ငါးမျိုးစိတ် ၊ခြင်လောက်လန်းစားနိုင်တဲ့ ငါးမျိုးတွေကို လှူဒါန်းပေးမှာဖြစ်ပါတယ်။ ရန်ကုန်တောင်ပိုင်းမှာတော့ စတင်နေပြီ ၊ ရန်ကုန်မြောက်ပိုင်းမှာတော့ ပြင်ဆင်နေဆဲပဲ ရှိပါသေးတယ်။ တောင်းခံလာသူရှိရင်လဲ ကူညီပေးသွားဖို့ရှိပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါငါးများကို ရန်ကုန်တိုင်းဒသကြီး တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ မြို့နယ် ၁၀ မြို့နယ်တွင် ထည့်ပေးသွားမည်ဟု ဆိုသည်။

မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရန် ခြင်အမြောက်အများ ပေါက်ဖွားတက် သည့် နေရာများတွင် ခြင်လောက်လန်းစား အလှမွေး ဒေါင်းငါးများကို ကျောင်းများ ၊ရပ်ကွက်လမ်းများတွင် လိုက်လံလွှတ်ပေးမည်ဖြစ်ပြီး တောင်းခံလာသူ များကိုလည်း အခမဲ့ပေးသွားမည်ဟုဆိုသည်။

“အဓိကရည်ရွယ်ချက်က ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကထား လုပ်ပေးတာ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်လို့ ကျောင်းတွေမှာ လက်ကမ်းစာစောင်တွေ ဝေပေးတာ ၊ပိုစတာတပ်ပေးတာတွေအပြင် ပညာပေးလဲ ဟောပြောသွားမှာပါ။ ပြပွဲတွေမှာလည်း သွေးလွန်တုပ်ကွေး ပညာပေးအစီအစဉ်တွေကို ထည့်သွင်းသွားမှာဖြစ်ပါတယ်”ဟု ဦးခင်မောင်ဦးက ပြောသည်။

ယင်းအစီအစဉ်များကို စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်ဝန်ကြီးဌာန ၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန်အတွက် ခြင်လောက်လန်းစား အလှမွေးငါးများကို အသုံးပြုရာတွင် ဒေါင်းငါးများကို အများဆုံး အသုံးပြုသွားမည်ဖြစ်ပြီး ပုလဲငါး ၊ရွှေနှင်းဆီ ၊ ဇီးဘရား စသည့် ငါးမျိုးများကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။

ထိုသို့ အလှမွေးငါးများဖြင့် ခြင်လောက်လန်းများ နှိမ်နင်းရေးသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်းမရှိဘဲ ဒေါင်းငါးအမ တစ်ကောင်ကို ခြင်လောက်လန်း အကောင်ရေ ၅၀ စားနိုင်ပြီး အထီ တစ်ကောင်ကို အကောင်ရေ ၃၀ ခန့် စားနိုင်သောကြောင့် ခြင်အကောင်ရေ ၈၀ ခန့် မဖြစ်အောင် စားပေးနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်က
သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ ၃၆၄၉ ဦးနှင့် သေဆုံးသူ ၂၅ ဦးရှိခဲ့ပြီး ယခုနှစ် ဇွန်လ ဒုတိယပတ်အထိ ရောဂါဖြစ်ပွားသူ ၇၃၄ ဦးနှင့် သေဆုံးသူ ၈ ဦးထိ ရှိနေပြီဖြစ်ကြောင်းသိရသည်။

သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှုသည်
ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုသည်လည်း ရန်ကုန်တိုင်းက အများဆုံးဖြစ်သောကြောင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားထားသည်။

Leave a Reply