၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် အမှု စွဲချက်မတင်ခင်မှာ ပြန်လွှတ်

0
126

ဇူလိုင် ၂

နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် Myanmar Now သတင်းဋ္ဌာန က အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုအား ဇူလိုင်လ ၂ ရက်က စွဲချက်မတင်ခင်မှာ ပြန်လွှတ်ကြောင်း အမိန့်ချခဲ့သည်။

အမှုမှာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာ တရားလိုပြသက်သေ (၇) ဦးသာ စစ်ဆေးရသေးပြီး မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အနေမှာ အမှုတွင် သက်သေအဖြစ် မှ ပယ်ပေးရန်တင်ပြထားသည့်အတွက် တရားလိုပြသက်သေ (၃) ဦးစစ်ဆေးရန် ကျန်ရှိနေသေးသည့်အခြေအနေတွင် အမှုမှ ပယ်ချပေးရန်အတွက် တရားရုံးသို့လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အမှုမှ အဓိက တရားလို သက်သေဖြစ်သည့် ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု အကြိမ် (၂၀) ကျော်ရှိပြီဖြစ်သော်လည်း လာရောက်ထွက်ဆိုခြင်းမရှိသည့်အတွက် အမှုမှာ ကြံ့ကြာနေသည်။ ဆရာတော်ဦးဝီရသူ အနေဖြင့်လည်း ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် အခြေအနေတွင်ရှိနေသည် ။

“စွဲဆိုထားတဲ့ပုဒ်မက ငြိစွန်းမှုမရှိဘူး။ ငြိစွန်းအောင်လည်း သက်သေမပြနိုင်ဘူး။ သက်သေတွေလာဖို့လည်း တရားလိုဘက်က ဆောင်ရွက်ပေးရမယ့်အခြေအနေတွေပျက်ကွက်ခဲ့တယ် ။ သက်သေပြဖို့တာဝန်လည်းပျက်ကွက်ခဲ့တယ်ဆိုပြီး ရုံးတော်ကနေ ပယ်လိုက်တယ်။ ပယ်တယ်ဆိုတာ ကိုဆွေဝင်းကို စွဲချက်မတင်ခင်မှာ လွှတ်တယ်ဆိုပြီး အမိန့်ချခဲ့တယ်” ဟု ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင် က ပြောသည်။

အမှုနှင့်ပတ်သက်၍ တရားလိုဘက်မှာ မြို့နယ်ရုံး၏ အမိန့်ကို ကျေနပ်ခြင်းမရှိပါက အထပ်ရုံးအဆင့်ဆင့် တက်ပိုင်ခွင့်ရှိသည်။

“အမှန်တကယ်ကျူးလွန်ထားတဲ့အတွက် ကျူးလွန်ထား တဲ့အပြစ်အတိုင်း ပြစ်ဒဏ်ခံရအောင် ကျွန်တော်လုပ်မယ်” ဟု တရားလို ဖြစ်သူ ဦးကျော်မျိုးရွှေ က ပြောသည်။

ဆရာတော်ဦးဝီရသူသည် ရှေ့နေဦးကိုနီ သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သတ်သည့်သူအား ဘုရားအလောင်းဖြင့် နှိုင်းယှဉ်၍ ကျေးဇူးတင်ကြောင်း ရေးသားခဲ့သည် ။

ထိုသို့ရေးသားခဲ့သည့်အပေါ် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေဖြင့် ဦးဝီရသူသည် ပါရာဇိက ကျနေပြီဖြစ်ကြောင်း မန္တလေးမှ ဆရာတော်တစ်ပါး၏ ပြောစကားကို ကိုးကားရေးထားသည့် သတင်းအား ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည် ။

ထို့အတွက်ကြောင့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူရဲ့ မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာဖမ်းစီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခဲ့ကာ အမှုမှာ ပြီးပြတ်ခဲ့ပြီဖြစ်သည် ။

Leave a Reply