ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဆောက်လုပ်မှု အပြီးပိုင်ဖျက်သိမ်းရေးတောင်းဆိုနေသည့် ဒေသခံများကို အလုပ်နှင့် ထောင်ဒဏ် (၁၄) လ ချမှတ်

0
84

ဇူလိုင် ၂
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား အပြီးပိုင်ဖျက်သိမ်းပေးရေး တောင်းဆိုနေသည့် ဒေသခံများကို အလုပ်နှင့် ထောင်ဒဏ် (၁၄) လ ကျခံရန် ဇူလိုင်လ ၂ ရက်နေ့က ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့သည် ။

လမ်းပေါ်ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ ကျေးလက်လမ်း ဦးစီးဌာန မှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၂/၂၃ ဖြင့် ဦးသိန်းပိုင်၊ ဒေါ်မြမြ ၊ ဒေါ်မြ တို့အား ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားရုံးစွဲတင်ခဲ့သည် ။

“မြေတိုင်းစာရေးကလေးက တောင်သူတွေရဲ့ မြေတွေပါဆိုပြီး ထွက်ဆိုပေးပေးမယ့် ကျွန်မတို့ကို လမ်းမြေကျူးကျော်တယ်ဆိုပြီး မတရားသဖြင့် ထောင်ချတာပါ။ ကျွန်မတို့က မြေပိုင်ယာပိုင်တွေပါ ။ ပိုင်ဆိုင်မှုအထောက်အထားတွေလည်းရှိပါတယ်။´´ ဟု သရက်ကိုင်းကျေးရွာမှ တောင်သူ ဒေါ်မြမြ က ပြောသည် ။

ဦးသိန်းပိုင်၊ ဒေါ်မြမြ ၊ ဒေါ်မြ တို့ကို မန္တလေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၂ အရ အလုပ်နှင့် ထောင်ဒဏ် (၁) နှစ်၊ မန္တလေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေပုဒ်မ ၂၃ အရ အလုပ်နှင့် ထောင်ဒဏ် (၂) လ တို့ကို သီးခြားကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်ပြီး အချုပ်ဖြင့် အမှုရင်ဆိုင်နေရသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည် ။

“ဒီနေ့အမိန့်ချတဲ့နေရာမှာ တရားလိုနဲ့ လိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေပေါ်မှာပဲ သုံးသပ်သွားတယ်။ ဒီဘက်က ခုခံထားတဲ့ မေးမြန်းထားတဲ့ အချက်တွေအပေါ်မှာ တရားရုံးက တစ်စုံတစ်ရာ သုံးသပ်တာမရှိဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးစည်သူ က ပြောသည် ။

အမိန့်ချခံရသည့် ကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များက တရားမျှတသည်ဟု မထင်သည့်အတွက် အထက်ရုံးသို့ အယူခံတက်သွားမည်ဖြစ်ကြောင်း သိရသည် ။

မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု စသည်တို့ကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်လျှက်ရှိပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး ၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားသည် ။

ယင်းကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံအဝင်လမ်းအတွက် ရွာအဝင်လမ်းရှိ ကျွန်းပင် ၃၇၀ ကျော် နှင့် အခြားအပင် ၇၀၀ ကျော် ခုတ်လှဲဖျက်စီးခြင်းများရှိကြောင်း သိရသည် ။

ထိုစက်ရုံစီမံကိန်းမပြုလုပ်ရန်အတွက် ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ်ကပင် စတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်စာများနှင့် ကန့်ကွက်စာများကို အကြိမ်ကြိမ်တင်ပြခဲ့သော်လည်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည် ။

စီမံကိန်းရှိစက်ရုံဧရိယာ ဧက ၂၀၀ကျော်နှင့် ထုံးကျောက်တောင်ဧက (၆၀၀) ကျော် ဘိလပ်မြေရရှိရန် အသုံးပြုသွားမည်ဖြစ်ပြီး စီမံကိန်းပြုလုပ်မည့်ဧရိယာသည် အောင်သပြေ ၊ တောင်ပုလု၊ သရက်ကိုင်း၊ မြက်သာ၊ ထုံးဘို၊ စာတိုက် တကာ၊တောင်ကန်၊ပြည်သာယာ စသည့်ကျေးရွာများနှင့်ထိစပ် လျက်ရှိသည် ။

Leave a Reply