တောင်ကြီးတွင် အရက်သေစာသောက်စားမှုအား တားဖြစ်သည့် ဒေသန္တရ အမိန့်ထုတ်ပြန် 

0
157

နေပြည်တော် ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၈ ခုနှစ်။

တောင်ကြီး မြို့နယ် အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာ များတွင် အရက်သေစာသောက်စားမှုအားတားမြစ်ထားသည့် ဒေသန္တရ အမိန့်ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

မြို့ရွာအတွင်းအများပြည်သူနှင့် သက်ဆိုင်သောနေရာများဖြစ်သည့် ပန်းခြံ၊ အားကစားကွင်း ၊ ဆေးရုံ ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦး အနီးပတ်ဝန်းကျင်နေရာများတို့တွင် အရက်သေစာသောက်စားခြင်း ၊ မူးယစ်ရမ်းကားခြင်း ၊ အုပ်စုဖွဲ့ရန်ဖြစ်ခြင်း ၊ အများပြည်သူ ငြိုငြင်စေရန်ပြု မှုပြောဆိုခြင်းများအား မပြုလုပ်ရန် တားမြစ်ကြောင်း ထုတ်ပြန်ကြေငြာ ချက်တွင် ဖော်ပြထားသည်။

“ဒေသန္တရ အမိန့်ထုတ်တယ်လို့တော့ ပြောနေကြတယ် ညဘက်ဆိုရင် လူငယ်တွေက သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး သောက်ကြတယ်။ အေးအေးဆေးဆေးသောက်ကြတဲ့သူရှိသလို သောက်ပြီးမူးပြီး ပတ်ဝန်းကျင်က ဖြတ်သွားဖြတ်လာတွေကို စသလို နောက်သလို ရန်စသလို တွေလည်း ရှိတတ်တယ်။ အေးအေးဆေးဆေး မသောက်ပဲ ရန်စတဲ့သူတွေကြောင့်ပြသနာတွေဖြစ်ကြတယ်။ ဟိုတလောတုန်းက မြို့လယ်ဗိုလ်ချုပ်ပန်းခြံမှာတောင် ဓားထိုးမှုတွေ ဖြစ်ကြတယ်။အခုလိုထုတ်ပြန်လိုက်တာ ကောင်းပါတယ်။ ထုတ်ပြန်ပြီးတော့ တိတိကျကျ လုပ်ဆောင်သွားဖို့တော့ လိုတာပေါ့” တောင်ကြီးမြို့ပေါ်တွင်နေထိုင်သည့် ဒေါ်ခင်လေး ကပြောသည်။

တားမြစ်ထားသည့်နေရာများမှာ ကျောင်းကြီးစုရပ်ကွက် အဝေရာင်္မီးပုံးပျံကွင်း ၊ ကန်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းနှင့် မြကန်သာလမ်းကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၏အရှေ့ဘက် ဆိုင်ကယ်ရပ်နားရာနေရာ ၊ ရေအေးကွင်းရပ်ကွက် K&Kစတိုးဆိုင်ရှေ့ မြေကွက်လပ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ထိုအပြင် မြစိမ်းတောင်ဘုရားအတက်လမ်း ၊ လမ်းမတော်ရပ်ကွက် ၊ဘုရင့်နောင်လမ်းသွယ် (အောက်မေ့ဖွယ်ဓမ္မာရုံလမ်းသွယ် ) ၊ မင်္ဂလာဦးရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြင်းရုပ်ပရ၀ုဏ်(ပရိဝုဏ်) အတွင်း ၊ သစ်တောရပ်ကွက် ၊ အိမ်တော်ထင်းရှုးကွင်းနှင့် အိမ်တော်ဝိုင်းလမ်းဆုံတြိဂံနေရာ ၊ စူဠာမုနိလောကချမ်းသာစေတီတော် နှင့် တောင်ကြီးဂေါက်ကလပ်ဘက်လမ်း များ၌ တားမြစ်ထားသည်။

အလားတူ စ၀်စံထွန်းရပ်ကွက် ရှုခင်းသာပန်းခြံနှင့် ကြိုးတံတား အနီး ဈေးပိုင်းရပ်ကွက် မြို့မဈေးအနီးဝန်းကျင် ၊ ချမ်းမြသာစည်ရပ်ကွက် စတုဘုံမိကာ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင် ၊ ကံကြီးရပ်ကွက် ဖူဆယ်ဘောလုံးကွင်းအနီးဝန်းကျင် စသည့်နေရာများကိုလဲ တားမြစ်ထားကြောင်းသိရသည်။

အဆိုပါတားမြစ်ချက်များအားဖောက်ဖျက်သူ မည်သူမဆို ပြစ်မှုဆိုင်ရာ ဥပဒေများအရအရေးယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply