ကုန်စည်ဒိုင်များ၏ ကန့်ကွက်မှုကြောင့် ပြည်ပမှ ပဲတင်သွင်းရန် ဆိုင်းငံ့ထား

0
124

ဇူလိုင် ၆
ဝေဝေဖြိုး

ပြည်ပမှ ကုလားပဲနှင့် စားတော်ပဲများကို ယာယီတင်သွင်းရန် စီစဉ်ထားသော်လည်း ကုန်စည်ဒိုင်များ၏ ကန့်ကွက်မှုကြောင့် ပြည်ပမှ ပဲတင်သွင်းရန် ဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် မစိုက်ပျိုးနိုင် သောကြောင့် ကုလားပဲနှင့် စားတော်ပဲများကို ပြည်ပနိုင်ငံများမှ ယာယီတင်သွင်းရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

“စားတော်ပဲကို ပြည်ပကနေ တင်သွင်းဖို့က နေပြည်တော်မှာ ၆လပိုင်း၂၆ ရက်နေ့က အစည်းဝေးလုပ်တယ်။ ပြည်တွင်းလိုအပ်ချက်ရှိတာ တော့မှန်တယ်။ ဒီအစည်းအဝေးမှာ
ပဲနှမ်းအသင်းက ဦးဆောင်ပြီးတော့ စီစဉ်ပါဆိုပြီး ချပေးလိုက်တယ်။ အဲ့တော့ လျှောက်လွှာတင်မယ့် ရက်ကို ဒီ ၈ရက်နေ့ကို သတ်မှတ်ပြီးတော့ ခေါ်နေတဲ့ ကာလထဲမှာပဲ တကယ်စိုက်ပျိုးထွက်ရှိတဲ့ ဒေသတွေဖြစ်တဲ့ မုံရွာ ၊ ကျောက်ပန်တောင်း ၊ ပခုက္ကူ နယ်ကုန်စည်ဒိုင်တွေကနေ ဒါကို မတင်သွင်းသင့်ဘူး တင်သွင်းရင် တောင်သူအကျိုးစီးပွား ထိခိုက်နိုင်တယ်ဆိုပြီး ကန့်ကွက်တဲ့အတွက် ဒါကို ဆိုင်းငံ့ထားသင့်တယ်ဆိုပြီး စီးကူးဝန်ကြီးဌာနကို ပြန်တင်ပြတဲ့သဘောပါ”ဟု ၎င်းကပြောသည်။

ဇွန်လ ၂၆ ရက်က စီးပွားကူးသန်းဝန်ကြီးဌာနအနေဖြင့် စားတော်ပဲ တင်သွင်းခွင့်ပြုရန်ကိစ္စနှင့် ပက်သက်၍ ပဲနှမ်းအသင်းမှ တာဝန်ရှိသူများ၊ တင်သွင်းလိုသည့် ကုန်သည်များ၊စိုက်ပျိုးတောင် သူများကို ခေါ် ယူကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တောင်သူများ၏ အကျိုးစီးပွား ထိခိုက်နိုင်သည်ဟုဆိုကာ ကုန်စည်ဒိုင်များ၏ ကန့်ကွက်မှုကြောင့် ပြည်ပမှ စားတော်ပဲ တင်သွင်းခွင့်ပြုသွားမည့် အစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့်နှမ်းကုန်သည်များအသင်း က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ဆိုင်းငံ့ထားသင့်ကြောင်းကို အကြံပြုတင်ပြ ထားခြင်းဖြစ်သည်။

“လက်ရှိထွက်ရှိမှုကတော့ သုံးသပ်တုန်းပါ အခြေအနေ အတိအကျမသိသေးဘူး။ကုန်စည်ဒိုင်တွေ ကန့်ကွက်တဲ့အပေါ်မှာ အဖက်ဖက်ကသုံးသပ်ပြီး နောက်ဆုံး ဒါကိုဆိုင်းငံ့ထားသင့် တယ်ဆိုပြီး ဆိုင်းငံ့ထားပါတယ်”ဟု ဦးမင်းကိုဦးကပြောသည်။

လက်ရှိတွင် စားတော်ပဲကို ပြည်ပမှ တရားဝင် တင်သွင်း ခွင့်ပြုထားခြင်း မရှိသေးသော်လည်း တရုတ်နှင့် မြ၀တီနယ်စပ်တို့မှ တရားမ၀င် ၀င်ရောက်မှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်နစ်နာ မှုရှိနေကြောင်း ကုန်သည်အချို့ ကဆိုသည်။

“ဒါကအရင်ထဲကလဲ သဘောတူပြီး ပေးလုပ်နေတာတော့ မဟုတ်ဘူး ။ အခု နယ်တွေက ကန့်ကွက်တဲ့ အသံထွက်နေတော့ ဒါကို ဆိုင်းငံ့ထားတယ်ဆိုတာကို ပြန်ကြေညာပေးတာပါ။ ကျွန်တော်တို့က အရင်ထဲက ကန့်ကွက်တာ ဒီဟာက ကိုယ့်တောင်သူကို လာထိမယ့် အနေအထားဖြစ်နေတယ်။ သွင်းတာ သဘောရိုးမပါဘူး။ သူတို့က animal peas ဆိုပြီး အခွန်လဲ လွတ်အောင် လုပ်သွားသေးတယ် ။ အဲ့မှာပြဿနာရှိနေတော့ လူတွေက သိပ်မခံနိုင်ဖြစ်နေတာ ၊လုပ်လို့ရတဲ့ သူကတော့ အကျိုးအမြတ် အရမ်းရနေတာပေါ့ ။ တောင်သူတွေ ထိခိုက်နိုင် တယ်လို့ ယူဆတဲ့အတွက် အရင်ထဲက သဘောထားကို တစ်ယောက်ချင်းမေးရင် ကျွန်တော်တို့က ကန့်ကွက်ထားပြီးသား ဒါပေမယ့် တင်ပြတဲ့ သူကလဲ ကောင်းတာတွေရှိတာပေါ့လေ အတင်အပြ ကောင်းတော့လဲ ဌာနကနေ ပေးမလား မပေးလားတော့ မသိဘူး”ဟု ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန် ကပြောသည်။

စားတော်ပဲကို များသောအားဖြင့် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စတင်စိုက်ပျိုးလေ့ရှိပြီး နှစ်စဉ် ပျဉ်းမျှ တန်ချိန် နှစ်သောင်းဝန်းကျင် ထွက်ရှိလေ့ရှိ ကြောင်းသိရသည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် စားတော်ပဲမှာ တစ်တန်ကို ခုနှစ်သိန်း ၀န်းကျင်ဖြင့် ပုံမှန် အရောင်းအ၀ယ်ဖြစ်နေကြောင်း သိရသည်။

Leave a Reply