ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ဘက်လွှဲပေးဖို့ပြောဆိုချက် ကန့်ကွက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြော

0
46

ဇူလိုင် ၉
နိုင်ငံတကာသတင်း

တရုတ်နိုင်ငံကို ၅ ရက်ကြာသွားရောက်ခဲ့ပြီးတဲ့နောက် တနင်္လာနေ့က ၀န်ကြီးချုပ်အိမ်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက အခုလိုပြောတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရခိုင်ပြည်နယ်ဘက်ကနေထွက်ပြေးလာခဲ့ကြတယ်လို့ဆိုတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ၁.၁ သန်းကျော်ခိုလှုံနေကြပါတယ်။

နေရပ်ပြန်ရေးအစီအစဉ်တွေအပေါ် နှစ်နိုင်ငံအစိုးရတွေကနှုတ်ဆိပ်နေကြလို့ ဒုက္ခသည်တွေက သူတို့ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူတယ်လို့ ပြောနေကြပါတယ်။

အကြပ်အတည်းတွေဖြစ်နေချိန်မှာပဲ ဒီကိစ္စတွေကိုဖြေရှင်းနိုင်ဖို့ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပေါင်းပေးဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်ဘရက်ဒလေ ရှာမန်က အဆိုပြုခဲ့ပါတယ်။

“အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းမှာ ပြဿနာတွေဖန်တီးဖို့ဆိုတာ ဘယ်တော့မှမမှန်ပါဘူး။ ပြီးတော့ သူတို့သွားထိလိုက်တဲ့ကိစ္စကလည်း အထိမခံတဲ့ကိစ္စဖြစ်နေပြီးသားလေ။ သူတို့ဝင်လိုက်တဲ့ဘယ်အချိန်ဖြစ်ဖြစ် ငြိမ်းချမ်းရေးရတယ်ဆိုတာမရှိတဲ့အပြင် စစ်နဲ့အုံကြွမှုတွေပဲဖြစ်လာတယ်။ ကျွန်မတို့က ဒေသတွင်းမှာ ငြိမ်းချမ်းရေးရဖို့ကြိုးစားနေတာ။ ဒါပေမဲ့ သူတို့က ဒီမှာမီးပြန်မွှေးဖို့လုပ်နေတာ။ ဒီလုပ်ရပ်ကို လက်မခံနိုင်ပါဘူး။”လို့ ဟာဆီနာက ပြောပါတယ်။

ကျွန်မတို့မှာ ကိုယ်ပိုင်နယ်မြေသတ်မှတ်ချက်ရှိပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ကျေနပ်ပျော်ရွှင်ပါတယ်။ တခြားနိုင်ငံတစ်နိုင်ငံရဲ့ပိုင်နက်ကို ကျွန်မတို့ဘက်ပေါင်းထည့်မယ့်ကိစ္စဆိုရင် ကျွန်မတို့က လုံးဝသဘောမတူပါဘူး။ ကျွန်မတို့ ပေါင်းမယ့်မြေကို ဘယ်တော့မှမယူပါဘူး။” လို့လည်း ဟာဆီနာက ဆက်ပြောပါတယ်။

“ရှာမန်အနေနဲ့ အခုလို့ပြောမယ့်အစား သူတို့နိုင်ငံသားတွေကို ပြန်လက်ခံဖို့ မြန်မာအစိုးရကို တိုက်တွန်းသင့်ပါတယ်။ ပြန်ခေါ်မယ်ဆိုရင် လူသားချင်းစာနာထောက်ထားတဲ့လုပ်ရပ်ပါ။ ပြီးတော့ သူတို့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို အာရုံစိုက်သင့်ပါတယ်။” ဆိုပြီး ဟာဆီနာက တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံမှာ တရုတ်သမ္မတ၊ ၀န်ကြီးချုပ်တို့နဲ့တွေ့ဆုံစဉ်မှာလည်း ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အရေးကို ပစ်မှတ်ထားဆွေးနွေးခဲ့ကြပြီး တရုတ်သမ္မတက ဘင်္ဂါလီတွေနေရပ်(မြန်မာနိုင်ငံ)ကို မဖြစ်မနေပြန်ရမယ်လို့ ပြောခဲ့သလို သူတို့ရဲ့မိတ်ဖက်တွေဖြစ်တဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံလုံးရဲ့အကျိုးစီးပွားကို ထောက်ရှုတဲ့အနေနဲ့ မြန်မာနိုင်ငံကိုဖျောင်းဖျပြီး နေရပ်ပြန်တွေကို လက်ခံဖို့တိုက်တွန်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ်ကပြောခဲ့တယ်ဆိုပြီး ဇူလိုင် ၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Source-BD24News

#ဥက္ကာ
#TheFifthWaveNews
Photo-BD24News

Leave a Reply