သက္ကမိုးညို ကို သိန်း ၁၀၀ ဖြင့် ရဲတပ်ဖွဲ့က အာမခံပေး

0
19

ဇူလိုင် ၁၀
ယဉ်ကေနွယ်

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယား ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားနေသည့် သက္ကမိုးညို အကောင့်ပိုင်ရှင်ဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ၀င်းကိုကိုသိန်း အား ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးမှ အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄ (ဃ)ဖြင့် ဇူလိုင်လ ၉ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

ထိုသို့ အမှုဖွင့်ရခြင်းသည် သက္ကမိုးညို အကောင့် ပိုင်ရှင် မှ ဇူလိုင်လ ၄ ရက် ၅ ရက်နှင့် ၆ ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာပေါ် ရေးသားခဲ့သည့် အချက်အလက်များကြောင့် စွဲဆိုရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါက်တာ ၀င်းကိုကိုသိန်း အား ပျဉ်းမနားမြို့မရဲစခန်းမှ စစ်ဆေးမှုများပြုလုပ်၍ ငွေကျပ် သိန်း ၁၀၀ ဖြင့် အာမခံပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

တရားစွဲဆိုထားသည့် ပုဒ်မ ၃၄(ဃ) သည် ငွေဒဏ် သိန်း ၅၀ (သို့) ထောင်ဒဏ် ၁ နှစ် မှ ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မမျိုးဖြစ်သည်။

“အဲ့ထဲမှာ တချို့ဟာတွေ သည် သူတို့ ရဲတပ်ဖွဲ့ကို အများအထင်အမြင်လွှဲမှားအောင်ဆိုတာ ပါနေတယ်။ နောက်တချက်က သံသယဖြစ်ဖွယ် အချက်အလက် ရှိပါတယ်ဆိုတဲ့ အချက်က မဟုတ်ပါဘူးပေါ့။ ပြည်သူတစ်ယောက်အနေနဲ့ သံသယဖြစ်ခွင့်တော့ရှိတာပေါ့။ ဒါပေမဲ့ သံသယဖြစ်ဖွယ် အချက်အလက်ရှိတယ်ရေးတာက သူတို့ရဲတပ်ဖွဲ့ကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ အတွက် ပြောတာ တချက် ရှိတယ်။ နောက် ၆ ရက်နေ့ မှာ ပြောတာတွေရှိတယ်။ကျွန်တော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကစာရေးသင့်တယ်လို့ အဲ့ ရေးခဲ့တယ်။ ဆိုလိုတာက အဲ့အချက်တွေနဲ့ညှိတယ်ဆိုရင် အဲ့ ၃၄ (ဃ)ကို စွဲပေါ့လေ။ ဒါပဲရှိတာပေါ့။ အာမခံက သူ့ရဲ့ သဘောတရားက ထောင်ချတာရှိတယ်။ ဒဏ်ငွေရိုက်တာ ရှိတယ် သိန်းတရာ အာမခံနဲ့ ကျွန်တော်က်ု လွှတ်လိုက်တာပါ”ဟု ဒေါက်တာဝင်းကိုကိုသိန်းကပြောသည်။

တရားစွဲဆိုထားသည့် အတွက် အမှုအားဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ ရေးသားခဲ့မှုများသည် သက်သေအထောက်အထားပြနိုင်သည်များကိုသာ ရေးသားခဲ့သည့် အတွက် ရှေ့ဆက်ကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း ကပြောကြားခဲ့သည်။

တရားစွဲဆိုရခြင်းသည် အထက်ဌာန(မြန်မာနိုင်ငံရဲတပ်ဖွဲ့) ၏ညွှန်ကြားချက်ကြောင့် စွဲဆိုရခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်နိုင်ဦး ကပြောသည်။

ဗစ်တိုးရီးယားအမှုကိစ္စနှင့်ပတ်သက်ပြီး သံသယရှိသူ ဖြစ်သည့် အောင်ကြိးအား ဒက္ခိဏသီရိခရျိုင်တရားရုံးခသို့ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားကြောင့် သိရသည်။

ဗစ်တိုးရီးယား အမှုအား အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြိးအချို့တွင် ဆန္ဒပြမှုများ၊ စတေကာ ကမ်ပိန်းများလုပ်ဆောင်လျက်ရှိသည်။

Leave a Reply