၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပ တင်ပို့နေမှု ကြောင့် ကုန်ကြမ်းများ ရှားပါးလာ

0
8

ဇူလိုင် ၁၀
ဝေဝေဖြိုး

၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှုများ ကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

“အခုနောက်ပိုင်းမှာ ကဏန်းပျော့ လုပ်ငန်းတွေအတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ် အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှားလာတယ်။ ငါးဦးစီးအနေနဲ့ အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက်ဆိုရင် မဖမ်း ရဘူး။ မရောင်းရဘူး။ ပြည်ပမတင်ပို့ရ ဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တော့ ဒရဟောထွက်ကုန်တဲ့အတွက် ကဏန်းပျော့လုပ်ငန်းတွေမှာ ကုန်ကြမ်းတွေ ရှားလာတယ်”ဟု ၎င်းကပြောသည်။

ထို့ကြောင့် ပြည်ပသို့ ၁၀၀ ဂရမ်အောက် ကဏန်းများ တင်ပို့နေမှုကို တားမြစ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ သွားမည်ဟုဆိုသည်။

ကဏန်းများအား ပြည်ပသို့ တင်ပို့ရာတွင် ၁၀၀ ဂရမ်အထက် ကဏန်းများကိုသာ ပြည်ပတင်ပို့ခွင့် ပြုသင့်ပြီး ၁၀၀ ဂရမ်အောက် ကဏန်းများ တင်ပို့နေခြင်း ကို ပြန်လည်တားမြစ်သင့်ကြောင်းကို တင်ပြသွားမည် ဖြစ်သည်။

ထိုသို့ ပြန်လည်တားမြစ်နိုင်မှသာ ကဏန်းအခွံပျော့နှင့် အခွံမာ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်လာမည် ဖြစ်ကြောင်း ရေလုပ်ငန်း ရှင်များက ပြောသည်။

ပြည်တွင်းမှ ရေသယံဇာတများ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကဏန်းတင်ပို့ရေးပိုင်းတွင် အခွံမာနှင့် အခွံပျော့နှစ်မျိုးလုံး တင်ပို့နေရသည့်အတွက် ဈေးကွက်ခိုင်မာသည့် ကဏန်းကို စနစ်တကျ မွေးမြူရန် လိုအပ်ကြောင်း သိရသည်။

“ဆယ်စုနှစ်အတွင်းမှာ ကဏန်း ထုတ်လုပ်ရေး လုပ်ငန်းတွေက မြင့်တက်လာတယ်။ လုပ်ငန်းတွေက ကြီးလာပေမယ့် ကဏန်းဆိုတာ ငါး၊ပုစွန်တွေလို ဖောက်လို့ မရတဲ့အတွက် သဘာဝ ကဏန်းတွေကိုပဲ ယူပြီးမွေးရတယ်။ဂရမ် ၁၀၀လောက်ရှိတဲ့ ကဏန်းတွေကို မွေးတယ်။ ပျော့နေတဲ့အချိန်မှာ အေးခဲပြီး ပြည်ပကို တင်ပို့တယ်။ ဒီဈေးကွက်က အရမ်းကိုကျယ်ပြန့်နေပြီ။” ဟု ဦးဝင်းကြိုင်က ပြောသည်။

ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းမှာ လုပ်သားအင်အား အများအပြား အသုံးပြုရသည့်အတွက် အဆိုပါ
လုပ်ငန်းများ ဖွံ့ဖြိုးလာပါက အလုပ်အကိုင် အခွင့်အလမ်းများလည်း များပြားလာမည်ဖြစ်ပြီး ပြည်ပဈေးကွက်တွင် အလားအလာကောင်းသည့် ထုတ်ကုန် ဖြစ်သောကြောင့် ပို့ကုန်ကဏ္ဍလည်း တိုး မြင့်လာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မွေးမြူထုတ်လုပ်နေသည့် ကဏန်းများကို နိုင်ငံအနှံ့အပြားသို့ တင်ပို့နိုင်သည့်အတွက် ဈေးကောင်းရရှိနေပြီး ယခုနှစ်ပိုင်းအတွင်း အရောင်းအမြင့်ဆုံး ထုတ်ကုန်တစ်ခုဖြစ်လာသည် ဟုဆိုသည်။

လက်ရှိတွင် ပြည်ပပညာရှင်များနှင့် ဒေသခံတို့ပူးပေါင်း၍
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကဏန်းအမာ
သားဖောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး အောင်မြင်ပါက တစ်ဆင့်ပြန်လည်မွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်မည့်အပြင် ဒီရေတောများတွင်လည်း လွှတ်ပေးရန် ပြင်ဆင်ထားကြောင်းသိရသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ နယ်တွင် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများ အပြိုင်အဆိုင် လုပ်ကိုင်လာကြပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်း မြို့နယ်တွင်လည်း ကဏန်းပျော့မွေးမြူ ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ဂဏန်းမွေးမြူရေးလုပ်ငန်းများကို ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နှင့် သံတွဲ မြို့တို့တွင် လုပ်ငန်းများ
လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Leave a Reply