ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးသည့်အတွက် ခပ်ကြမ်းကြမ်း ဝေဖန်ခြင်းဟု မင်းကင်းအမတ် ပြော

0
20

ဇူလိုင် ၁၅
ယဉ်ကေနွယ်

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးအတွက် ၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ယနေ့ ကျင်းပပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထားတင်ပြရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်မှ ကြေညာသည့် အပေါ် မင်းကင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမောင်မြင့်မှ မတ်တပ်ရပ် ကန့်ကွက်မှုများလုပ်ဆောင်ခဲ့သည်။

ထိုသို့ မတ်တပ်ရပ် ကန့်ကွက်ရခြင်းသည် အစီရင်ခံစာတွင် ပါရှိသည့် အကြံပြုချက် ၃၇၆၅ ချက်သည် ဆွေးနွေးနိုင်ရေးအတွက် အချိန် တစ်ရက်သည် လုံလောက်ခြင်းမရှိသည့်အတွက် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးမောင်မြင့်က ပြောသည်။

“အမည်စာရင်း တင်ရုံတင် မဟုတ်ဘူး။ ဆွေးနွေးချင်တဲ့ အချက်တွေပါ ထည့်ရေးရတယ်။ဒီ ၃၇၆၅ ချက်ကို တစ်ရက်ထဲနဲ့ ဘယ်လိုလုပ်မလဲ ။ဒါကြောင့်မို့လို့ ထပြီးတော့ ကန့်ကွက်တာပေါ့။ နာယက ကတော့ ကောင်းရှာပါတယ်။သူကတော့ ပြင်ဖို့ အတွက် နည်းနည်းလေးစဉ်းစားလိုက်တာပေါ့။ အဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ဘာပြုတယ်ညာပြုတယ် ထလုပ်လို့ ငါ က လှမ်းအော် တာပေါ့ကွာ။ ငါထ အော်တာ အဲ့လူပါ။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ကြားအောင်ပြောပေါ့။ နာယက ကလည်း ငါတို့ နှစ်ယောက်လုံးကို မိုက်မပေးတော့ပဲ ၁၈ ရက်ကနေ ၂၂ ရက်နေ့ ရွေ့လိုက်တာပေါ့”ဟု ဦးမောင်မြင့်က ပြောသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ စရေးဆွဲစဉ်ကာလသည် ၈ နှစ်ခန့် ကြာမြင့် သည် ဖြစ်သည့် အတွက် ၈ မိနစ်ဖြင့် ပြင်ဆင် ၍ မရကြောင်း ဥပဒေ အတိုင်း မျှတစွာ လုပ်ဆောင်သင့်ကြောင်း ဦးမောင်မြင့်က ပြောသည်။

“အရေးကြီးတဲ့ အချက်ကို ထိတွေ့နိုင်ဖို့ အတွက်ကိုတောင်မှ ဒါဒီနေ့ကစပြီး နောက်လေးငါး ရက်လောက်နေ့ မအား ညမအားလုပ်မှရမှာ။ ဒါကြောင့်မို့လို့ ငါတို့က ဒီဟာကို ပြင်ဖို့ဆိုတာငါတို့ပြောထားပြီးသားလေ။ ပြင်ထားကို သဘောမတူဘူးလို့ ဥပဒေ အတိုင်းပြင် သူတို့က ဥပဒေ တိုင်းလည်း မလုပ်ခဲ့ဘူး။၄၃၄ အရလည်း မလုပ်ဘူး။ ၄၃၅ အရလည်း မလုပ်ဘူး။ ၄၃၆ အရလည်း မလုပ်ဘူး။ ဥပဒေအရ မလုပ်ပဲနဲ့ အချိန်က ပြန်ခိုးသေးတယ်။ သဘောကတော့ ဥပဒေအတိုင်း အတည်ဖြစ်အောင်လုပ်တာ။ ဒါတော့ လက်မခံနိုင်ဘူး။ မျှတရမယ်။ ဥပဒေဆိုတာ အရေးကြီး တယ်။ အဲ့ထဲမှာမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ က အရေးကြီးတယ် အရေးကြီးလို့ ငါတို့က ခပ်ကြမ်းကြမ်းနဲ့ ထပ်ပြီး ဝေဖန်ပြောဆိုနေရတာ ဒီကြောင့်ပါ”ဟု ၎င်းက ပြောသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့များမှလည်း သဘောထားသုံးချက် တင်ပြပါရှိခဲ့သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေး အစီရင်ခံစာ ထွက်ရှိနိုင်ရေးအတွက် ၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ၂၅ ကြိမ်ထိ ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာအားဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံး အမည်စာရင်းပေးသွင်းရန် နာယက ဥိးတီခွန်မြတ်က ကြေညာခဲ့သည်။

#TheFifthWave

Leave a Reply