သတင်းထောက်များ ထမင်းဝအောင်စားထား ဆိုသည့်စကား မပြောဆိုခဲ့ကြောင်း ကာယကံရှင်ငြင်းဆို

0
206

ရန်ကုန် ဇန်နဝါရီ ၁၉

ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်တွင်ပါရှိသည့် သတင်းထောက်များကို ခြိမ်းခြောက်ကြိမ်းဝါးထားသော စကားနှင့်ပတ်သက်ပြီး ပြောဆိုခြင်း မရှိခဲ့ကြောင်း ဦးကိုနီလုပ်ကြံမှုတွင် ပါဝင်သည်ဟုစွပ်စွဲခံရသူ ကာယကံရှင် အောင်ဝင်းဇော် က ပြောသည်။

ထိုစကားကို တဆင့်ပြန်လည်ပြောကြားထားသည့် ရှေ့နေကိုလည်း နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၈ (စ)ဖြင့်တရားစွဲဆိုရန်ပြင်ဆင်နေကြောင်းလည်း ၄င်းပြောပြချက်အရ သိရသည်။

“ ဒီလိုစကားမျိုးကို ဘာလို့ပြောရမှာလဲ၊ ဒီလောက်မိုက်ရိုင်းတဲ့စကားကို၊ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရှိအောင်လုပ်တယ်။ ဒါကိုယ်ချင်းစာစိတ် မရှိတာပဲ။ အဲဒီလိုလုပ်တဲ့အတွက် တရားစွဲဖို့လုပ်မယ်။ ရှေ့နေနဲ့ တိုင်ပင်မယ်” ဟု ယနေ့ မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စဉ် သတင်းထောက်များကို အောင်ဝင်းဇော် က ပြောသည်။

ဦးကိုနီအမှုတွင် တရားလိုပြသက်သေအဖြစ် လိုက်ပါနေသည့် အင်းစိန်အောင်စိုးကိုလည်း ၄င်းရေးသားသည့် အမှန်တရား ဘက်တော်သား စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီးလည်း တရားစွဲရန် စီစဉ်နေကြောင်းလည်း တစ်ဆက်တည်းပြောကြားသည်။

အောင်ဝင်းဇော်ဘက်မှ ရှေ့နေလိုက်ပေးသော တရားလွှတ်တော်ရှေ့နေ ဦးအောင်ခိုင်က

“ ဒီကိစ္စကိုမသိဘူး။ အင်းစိန်အောင်စိုးရေးတဲ့စာအုပ်လည်း မတွေ့ဖူးဘူး၊ တရားခံကလည်း ကျနော့်ကို ညွှန်ကြားချက်မရှိဘူး။ သိလည်းမသိဘူး။ သူရဲ့ခံစားချက်ကို ပြောသွားတာထင်တယ်။” ဟုဆိုသည်။

ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်ဖြစ်သည့် သံတော်ဆင့် သတင်း ဂျာနယ်တွင် ကာယကံရှင်ဖြစ်သူ အောင်ဝင်းဇော်၏ တိုက်ရိုက်ပြောကြားချက်ဖြင့်သတင်းရေးသားခဲ့ခြင်းမဟုတ်ဘဲ အမှုလိုက်ရှေ့နေ ဦးရောဘတ်စန်းအောင်မှတဆင့်ပြောကြားခြင်းကို သတင်းရေးသားခြင်းလည်းဖြစ်သည်။

ထိုနေ့ရုံးထုတ်တွင် သွားရောက်သတင်းယူခဲ့သော သတင်းထောက် များကမူ ထိုစကားပြောကြားခြင်းကို မသိရှိကြောင်းလည်း ယနေ့ သတင်းလာယူသည့် သတင်းထောက် အသိုင်းအဝိုင်းမှသိရသည်။
တရားစွဲရန်ပြင်ဆင်နေခြင်းသည် သတင်းဂျာနယ်ကို မဟုတ်ဘဲ ပြောကြားသည်ဟုဆိုသူများကိုသာ အရေးယူရန်ပြင်ဆင်နေခြင်းဖြစ် သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ရှေ့နေဦးရောဘတ်စန်းအောင် က
“ စည်းမဲ့ကမ်းမဲ့ မပြောဘူး၊ စနစ်တကျပြောတာ၊ မဟုတ်ဘဲနဲ့ ပြောစရာအကြောင်းရှိဘူး။ အဲဒီနေ့က တော်တော်ကို အချေ အတင်တွေဖြစ်ကုန်တာ။ သူတို့ဘယ်နေရာမှာ ဘာပြောတယ် ဆိုတာရှိတယ်။ သူတို့ဖက်က ဘာတက်လာမလဲဆိုတာ စောင့်လိုက် အုံးမယ်” ဟု တရားစွဲမည်ဆိုသည်နှင့်ပတ်သက်ပြီး မီဒီယာများ ကိုပြောသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ကြည်လင်းနှင့်အပေါင်းပါလေးဦးကို ရုံးထုတ်စစ်ဆေးနေသည်မှာ ယနေ့တွင် ရုံးချိန်း ၃၉ ကြိမ်မြောက် ရှိပြီဖြစ်သည်။ ဦးကိုနီလုပ်ကြံခံရမှုသည်လည်း ဇန်နဝါရီ ၂၉ ရက်တွင် တစ်နှစ်ပြည့်ပြီဖြစ်သည်။

သျှင်ရဲထွဋ်

Leave a Reply