အမေရိကန်လွှတ်တော်အမတ် ပြောကြားချက် ကန့်ကွက်သည့် ပြည်ခိုင်ဖြိုးပါတီ အရေးကြီးအဆို လွှတ်တော်ပယ်ချ

0
76

ဇူလိုင် ၁၈
ယဉ်ကေနွယ်

အမေရိကန်အောက်လွှတ်တော်အမတ် အာရှပစိတ်ဖိတ်ရေးရာ က်ာမတီဥက္ကဌ ဖြစ်သူမှ ပြီးခဲ့သည့် လ က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်အဆင့် ကြားနာပွဲတစ်ခုတွင် မြန်မာနိုင်ငံ အစိုးရအနေနဲ့ သူ့ စကား အသုံးအနှုန်းနဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်းမွန်မွန်ဆောင်ရွက်ပေးနိုင်တဲ့ ဆန္ဒမရှိခဲ့ပါက ရခိုင်မြောက်ပိုင်း ကို ဘင်္ဂလားဒေ့ရှ်အား ပေးပါလို့ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားမှုသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စော်ကားခြင်းဖြစ်ပြီး ထိုသို့ ပြောကြားမှုအပေါ် အစိုးရအနေဖြင့် ယနေ့ အချိန် ထိ ကန့်ကွက်ကြောင်း ထုတ်ပြန်ခြင်းမရှိသည့် အတွက် ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်ကြောင်း အရေးကြီး အဆို တင်သွင်းမည့် ကိစ္စကို လွှတ်တော်မှ ပယ်ချလိုက်ကြောင်းမိတ္ထီလာမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာမောင်သင်းကပြောသည်။

“အခု တလကျော်တဲ့ အချိန်အထိ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ဘာမှ ထုတ်ပြန်ခြင်းမရှိဘူး။တကယ်ဆိုဖြစ်သင့်တာက နိုင်ငံတော်အစိုးရက ကိုယ့်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ရေးကို စော်ကားနေပြီ ။ စော်ကားနေပြီဆိုရင် ဘာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ကန့်ကွက်ကြောင်း ထုတ်ပြန်ရမယ်။နောက်တဆင့် သံတမန်နည်းလမ်းအရ သူတို့ သံအမတ်ကို ကန့်ကွက်ကြောင်း စာထုတ်ပြန်ပေးရမယ်။နောက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော်တို့ ဒီအလုပ်ကို လုပ်နေတာပဲလေ။နှစ်နိုင်ငံပူးပေါင်းပြီးလုပ်နေတဲ့ ပုံစံမျိုးကို သူတို့ သွားရမယ်။ ဘာပဲဖြစ်ဖြစ် တိတိကျကျ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးကို ကျွန်တော်တို့ ကာကွယ်နေတယ်လို့ မြင်ကို မြင်ရမယ်။ ဒီတိုင်းပဲပေါ့။ အဲ့ လိုကို မလုပ်ဘူးထင်လို့ အရေးကြီးအဆိုတင်တယ်။ ပယ်ချလိုက်တယ်”ဟု ဒေါက်တာမောင်သင်းက ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဒေါက်တာ မောင်သင်းမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရေးကြီး အဆိုအား လွှတ်တော်ကို တင်၍ ဆုံးဖြတ်ရမဲ့ ကိစ္စ မဟုတ်သည့် အတွက် ပယ်ချကြောင်း သိရသည်။

“အဲ့တော့ နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကိုမှ လွှတ်တော်က မပြောရင် ဘယ်သူ က ပြောမှာလည်း အစိုးရရဲ့ လုပ်ဆောင်ချက် အခု တစ်လကျော်နေပြီ လွှတ်တော်က မပြောရင် ဘယ်သူက ပြောမှာလည်း အဲ့ကြောင့် အန်ကယ် က တင်လိုက်တယ်”ဟု ဒေါက်တာ မောင်သင်း ကပြောသည်။

အမေရိကန်အောက်လွှတ်တော်အမတ် ပြောဆိုခြင်းသည် လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် ပြောဆိုခြင်းမဟုတ်ပဲ ကြားနာပွဲတစ်ခုတွင်ပြောဆိုသည့် အတွက် ခပ်ပေါ့ပေါ့ တွက်လို့ မရကြောင်း ဒေါက်တာမောင်သင်း ကပြောသည်။

ထိုသို့ ပယ်ချ ခြင်းသည် လွှတ်တော်ဥက္ကဌ၏ လုပ်ပိုင်ခွင့်များသည် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ၊ယခု ကဲ့သို့ လွှတ်တော်မှ ဖြစ်နေမည် ဆိုပါက Check and balance ရှိရန်အတွက် နည်းလမ်းရှာ ၍ တိုက်တွန်းသွားရန် အစီအစဉ်ရှိကြောင်း ၎င်း ကပြောသည်။

“ဒါကို ဘာလို့ ပယ်ချတာလဲ ဒါမေးခွန်းထုတ်စရာ ဖြစ်တယ်။ အခု အစိုးရကို ကျွန်တော်တို့က တိုက်တွန်းတာ ပြင်းပြင်းထန်ထန် ဟိုဟာကို ကန်ကွက်တာ ဒါ အစိုးရအနေနဲ့ ဘာမှ မလုပ်တဲ့ အတွက်ကြောင့် ။ အခု လိုမျိုး လွှတ်တော်က ဒီလို ဖြစ်နေတယ်ဆိုရင်တော့ Check and balance ရှိဖို့ အတွက်ကို နည်းလမ်းရှာပြီေးတာ့ တိုက်တွန်းဖို့ အစီအစဉ်ရှိတယ်။ လွှတ်တော်ဥက္ကဌ က သူပယ်ချတိုင်းပယ်ချတိုင်း မှာ မှန်သလားဆိုတာ စဉ်းစားဖို့”ဟု ဒေါက်တာမောင်သင်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဇူလိုင်လ ၁၅ ရက်နေ့က တင်သွင်းသည့် မီတာခတိုးမြှင့်ကောက်ခံခြင်းအား ဆိုင်းငံ့ပေးရေး အရေးကြီးအဆိုလည်း ပယ်ချ ခံခဲ့ရပြီး တစ်ပတ်အတွင်း ဒုတိယ အကြိမ်တင်သွင်းသည့် ယခု အရေးကြီးအဆိုလည်း ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

ထို့အတူ ယနေ့ တွင်လည်း ရခိုင်အမျိုးသားပါတီမှ တင်သွင်းသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင် အင်တာနက်လိုင်း ပြတ်တောက်မှုအား ပြန်လည်ဖွင့်လှစ်ပေးရေး အရေးကြီးအဆိုကိုလည်း လွှတ်တော်မှ ပယ်ချ လိုက်ခြင်းဖြစ်သည်။

Leave a Reply