ကနေဒါမှ စားတော်ပဲ တန်ချိန် ငါးသောင်း တင်သွင်းမည့် ကိစ္စ ကန့်ကွက်မှု ရှိသောကြောင့် ရပ်ဆိုင်းထားရ

0
52

ဇူလိုင် ၁၈
ဝေဝေဖြိုး

ကနေဒါနိုင်ငံမှ စားတော်ပဲ တန်ချိန် ငါးသောင်းကို စမ်းသပ် တင်သွင်းရန် ကိစ္စ ကန့်ကွက်မှုရှိသောကြောင့် ရပ်ဆိုင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

“ကျွန်တော်တို့ဆွေးနွေးတုန်းက တန်ချိန် ၅သောင်း သွင်းမယ် ၊သွင်းတဲ့သူတွေကလဲ စိုက်ပျိုးတဲ့ တောင်သူတွေကို ထောက်ပံ့ပေးဖို့ ဆွေးနွေးခဲ့ပေမယ့် လက်ရှိမှာတော့ တချို့ မတင်သွင်းချင်တဲ့သူတွေ ရှိတယ်။ဒါကြောင့် ခုလောလောဆယ်မှာတော့ တင်သွင်းဖို့မရှိပါဘူး။ ယာယီ ရပ်ဆိုင်းထားပါတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါ စားတော်ပဲ တန်ချိန်ငါးသောင်းကို ကနေဒါနိုင်ငံမှ တရားဝင် ကိုတာစနစ်ဖြင့် ဝယ်ယူရန် သက်ဆိုင်ရာ တောင်သူများနှင့် ကုန်သည်များ ပါဝင်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ကန့်ကွက်မှုရှိ ခဲ့သောကြောင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

တောင်သူများ၏ အကျိုးစီးပွား ထိခိုက်နိုင်သည်ဟုဆိုကာ ကုန်စည်ဒိုင်များ၏ ကန့်ကွက်မှုကြောင့် ပြည်ပမှ ပဲတင်သွင်းမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည် ။

“ဒီလိုတင်သွင်းဖို့က စမ်းသပ်တင်သွင်းဖို့ စဉ်းစားတာပါ။ အမြဲတမ်းတင်သွင်းဖို့ မဟုတ်ပါဘူး။ အဲ့လို စမ်းသပ် တင်သွင်းတဲ့အပေါ်မှာ ဘာတွေလိုအပ်ချက်ရှိလဲ၊ ဘာတွေထိခိုက်မှုရှိမလဲ ဆိုတာတွေကို စောင့်ကြည့်ပြီးမှ နောက်ပိုင်းဆက်လုပ်၊ မလုပ်ကို ထပ်ပြီး စဉ်းစားဖို့ပါပဲ။ အခု ကုန်စည်ဒိုင်အချို့က အဲ့လိုတင်သွင်းရင် ပြည်တွင်းဈေးကွက် ထိခိုက်မှာတွေ စိုးရိမ်နေကြတဲ့အတွက် ကန့်ကွက်မှုတွေ ရှိနေပါတယ်။ အားလုံးကို စားသုံးသူရော၊ ကုန်သည်တွေရော၊ လယ်သမားတွေအတွက်ပါ ထည့်တွက်စဉ်းစားပြီးမှ ဆောင်ရွက်မှာပါ” ဦးခင်မောင်လွင် က ပြောသည်။

လက်ရှိ ဈေးကွက် အခြေအနေအရ စားတော်ပဲ တစ်တန်လျှင် FOB ဈေးနှုန်းအရ ဒေါ်လာ ၃၂၀ သာ ရှိနေပြီး ယခုကဲ့သို့ ကိုတာစနစ်ဖြင့် တရားဝင် တင်သွင်းပါက နယ်စပ်မှ တရားမ၀င် တင်သွင်းမှုများ ကိုလည်း လျှော့ကျသွားနိုင်မည်ဟု ဆိုသည်။

အဆိုပါ စားတော်ပဲများသည် လက်ရှိတွင် တရားမဝင် လမ်းကြောင်းများဖြစ်သည့် တရုတ်နယ်စပ်မှတဆင့် တစ်နှစ်လျှင်တန်ချိန် ၁၀၀ ခန့်အထိ ပြည်တွင်းသို့ ဝင်ရောက်နေကြောင်း သိရသည်။

ယင်းသို့ တရားမဝင် တင်သွင်းနေသည့် စားတော်ပဲ၏ မှောင်ခိုဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၇ သိန်းခွဲခန့် ရှိနေပြီး ယခု ကိုတာစနစ်ဖြင့် တင်သွင်းပါက တစ်တန်လျှင် ကျပ် ငါးသိန်းခွဲခန့်ဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply