အဂတိအမှုဖြင့်တရားစွဲခံထားရသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် ဒုရဲအုပ် အားရုံးထုတ်၊ တရားလိုအား စစ်ဆေး

0
87

ဇူလိုင် ၁၇
နိုင်လင်းဦး

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ချမ်းအေးသာစံမြို့နယ် မှ ယခင်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း နှင့် အမှတ် (၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ် တို့ကို ဇူလိုင်လ ၂၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီးတရားလိုအား စစ်ဆေးခဲ့သည်။

တရားလိုဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော် ကို စစ်ဆေးခြင်းဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည် ။

“အမှုအကြောင်းတော့ ပြောလို့မရသေးဘူး။ ဒီနေ့က တရားလိုကို စစ်တာ မပြီးသေးဘူး။ နောက်တစ်ပတ်လည်း သူ့ကိုပဲ ထပ်စစ်မယ်။´´ ဟု စွပ်စွဲခံရသူ၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်ဋ္ဌေး က ပြောသည် ။

အမှုတွင် ပါဝင်သည့် ယခင်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူးရုံး) ၊ ယခင် အမှတ် (၃) နယ်မြေရဲစခန်းမှူးဟောင်း ရဲအုပ်ကျော်သူ (ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)၊ အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းနှင့် ဒုရဲအုပ် ကျော်နိုင်ဦးတို့အား ဇွန်လ (၁၄) ရက်နေ့ က အမှုဖွင့်ခဲ့ပြီး ရဲမှူးသိန်းနိုင် နှင့် ရဲအုပ် ထွန်းထွန်းလင်း တို့ကိုသာ ဖမ်းဆီးရမိခဲ့ကာ ကျန် စခန်းမှူးဟောင်း ရဲအုပ်ကျော်သူ နှင့် ဒုရဲအုပ် ကျော်နိုင်ဦးတို့ မှာ ထွက်ပြေးတိမ်းရှောင်နေစဲဖြစ်သည် ။

အမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် ယခင် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်ကို ရာကြီးအမှုအမှတ် (၇/၂၀၁၉) ၊ ဒုရဲအုပ် ထွန်းထွန်းလင်းကို ရာကြီးအမှုအမှတ် (၈/၂၀၁၉) တို့ဖြင့် တရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည် ။

ထွက်ပြေးလွတ်မြောက်နေသည့် စခန်းမှူးဟောင်း ရဲအုပ်ကျော်သူ နှင့် ဒုရဲအုပ် ကျော်နိုင်ဦးတို့ကို ရာသေးအမှုအမှတ် (၃၀/ ၂၀၁၉) ၊ (၃၁/၂၀၁၉) နှင့် (၃၂/၂၀၁၉) တို့ဖြင့်တရားရုံးကလက်ခံခဲ့သည် ။

ချမ်းမြသာစည်မြို့နယ်ရှိ ဂိမ်းဆိုင် ဖမ်းဆီးရာတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားသောအမှု၌ ပါဝင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရခြင်း၊ အမှုနှင့်သက်ဆိုင်ခြင်းမရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ကာ ပိုက်ဆံတောင်းခံခဲ့သည့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များ အား စိစစ်အရေးယူပေးပါရန် နစ်နာသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည် ။

တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးရာ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေရန် တရားခံ၏ဖခင်ထံမှ ငွေကျပ်(၂)သိန်းကို လည်းကောင်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံ၏ဖခင်ထံမှ အမှုသက်သာစေရန် ငွေကျပ်(၂)သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန် အတွက် ငွေကျပ်(၂)သိန်းတို့ကိုလည်းကောင်း၊ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံ၏ ဖခင်ထံမှ တရားခံအား ညှဉ်းပန်းနှိပ်စက်မှု မပြုရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် ၁၅၀၀၀ဝိ/- နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေးအတွက် ငွေကျပ် ၂၅၀၀၀ဝိ/- တို့ကိုလည်းကောင်း လက်ခံရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည် ။

ထို့အတွက်ကြောင့် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့သည်ဟုဆိုကာ ချမ်းအေးသာစံမြို့နယ် ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)၊ ဒုတိယရဲအုပ် ထွန်းထွန်းလင်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမတွင် အမှုဖွင့်ခဲ့သည် ။

ချမ်းအေးသာစံမြို့နယ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲစခန်းအာမခံ ရရှိရန် ငွေကျပ် ၁၅၀၀၀ဝ တောင်းခံခြင်း၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံ ရရှိရန် ငွေကျပ် (၂၅)သိန်းတောင်းခံခြင်း တို့ကြောင့် ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်သူ နှင့် အမှုစစ် ဒုရဲအုပ် ကျော်နိုင်ဦး တို့အား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရာ အမှတ်(၃) နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးသည် (ပ)၅၁၀/၂၀၁၈ အမှုနှင့်ပတ်သက်၍ တရားခံ ထံမှ ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဘက်ရည်ဖိုး ပေးရန်အတွက် ငွေကျပ် ၅၀၀၀ဝ စီပါ စာအိတ် (၃)အိတ် စုစုပေါင်း ငွေကျပ် ၁၅၀၀၀ဝ ကို တောင်းခံရယူခဲ့ခြင်းနှင့် စခန်းမှူး ရဲအုပ်ကျော်သူသည် (ပ)၆၅၈/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ) အမှုနှင့်ပတ်သက်၍ အာမခံပေးရန်အတွက် တရားခံ၏ အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှုရယူခဲ့ပြီး ငွေကျပ်(၂၅)သိန်းကို လက်ခံရ ယူခဲ့ခြင်း ၊ အဆိုပါ အမှုပိတ်သိမ်းနိုင်ရေးအတွက် ငွေကျပ် သိန်း(၁၀၀) တောင်းခံ ရယူရန် အားထုတ်ခဲ့ခြင်းတို့ပေါ်ပေါက်ခဲ့သည်။

ထို့အတွက်ကြောင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် အမှတ်ဟ(၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးနှင့် ရဲအုပ် ကျော်သူ (ယခု ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့) တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့သည် ။

Leave a Reply