မူဆယ်တွင် ပိတ်မိနေသည့် ဆန်အိတ်များ သြဂုတ်လအတွင်း အပြီးတင်ပို့နိုင်မည်

0
117

ဇူလိုင် ၂၃
ဝေဝေဖြိုး

မူဆယ်နယ်စပ်တွင် ပိတ်မိနေသည့် ဆန်အိတ်များ အားလုံးကို သြဂုတ်လအတွင်း အကုန်တင်ပို့နိုင်မည် ဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောသည်။

တရုတ်နိုင်ငံအစိုးရမှ တရုတ်ကုန်သည်များကို ပါမစ် ထုတ်ပေးခဲ့သည့်အတွက် ဇွန်လမှစတင်ကာ ပိတ်မိနေသည့် ဆန်အိတ်များ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နေပြီး လက်ရှိတွင် အများဆုံး ဆန်အိတ်ရေ ၃ သိန်းခန့်သာ ကျန်ရှိတော့သည်
ဟုဆိုသည်။

“အဲ့ပါမစ်နဲ့ တစ်ပတ်မှာ ၅ ရက်ထွက်လို့ရတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ထွက်တယ်။ အခုလက်ရှိမှာ လက်ကျန်တော်တော်နည်းသွားပါပြီ အများဆုံးရှိရင် အိတ်ရေ ၃ သိန်း တန်ချိန် ၁သောင်းခွဲ လောက်ပဲ ရှိတော့တယ်။ ဆန်ကုန်တဲ့အထိ တင်ပို့လို့ရတယ် ။ ပါမစ်က အမြဲထွက်နေတာ ဒီမှာပုံနေတဲ့ တန်ချိန် ၁သောင်းခွဲက သြဂုတ်လ ၁၅ ရက်လောက်ဆို ကုန်ပါပြီ”ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံက မှောင်ပစ္စည်းတိုက်ဖျက်ရေး စီမံချက်နှင့် လုပ်ဆောင်နေသည့်အတွက် အဖမ်းအဆီး များသောကြောင့် ကုန်သည်များက အရောင်းအဝယ် ပြုလုပ်၍ မရသဖြင့် မူဆယ်နယ်စပ်တွင် ဆန်အိတ်ရေ ၁၀ သိန်းအပါအဝင် သကြားနှင့် ပြောင်းများလည်း သောင်တင်နေခဲ့သည်။

ယခုအခါ တရုတ်ကုန်သည်များမှ တရုတ်အစိုးရ၏ ပါမစ်ရရှိပြီဖြစ်သောကြောင့် မူဆယ်နယ်စပ်တွင် ယခင်ပိတ်မိနေသည့် ဆန်တန်ချိန် ၅ သောင်း ၊ အိတ်ရေ ၁၀ သိန်းခန့်မှာ ဇုန်လမှ စတင်၍ တရုတ်သို့ ထွက်ရှိနေပြီဖြစ်ပြီး လက်ရှိတွင် မူဆယ်နယ်စပ်မှ တရုတ်ပြည်သို့ တစ်ပတ်လျှင် အနည်းဆုံး ဆန်အိတ်ရေ ၂သိန်းခန့် ထွက်ရှိနေသည်ဟုဆိုသည်။

“ဆန်ကတော့ ဇွန်လဆန်းထဲကနေ တဖျောက်ဖျောက်သွား နေတာပဲ ။ ပြောင်းနဲ့ သကြားကတော့ လက်ရှိမှာ လုံးဝ သွားလို့ မရသေးပါဘူး။ ဆန်တစ်ခုထဲကိုပဲ တရားဝင် ပါမစ်ရပါတယ်။ ဒါက တရုတ်ပြည်က ပါမစ်ပဲ၊ မြန်မာအစိုးရက ဘာမှမလုပ်ပေးဘူး။ မြန်မာအစိုးရလုပ်ပေးလို့ရတဲ့ ပါမစ်မဟုတ်ဘူး။
ဒီလိုလေး ပါမစ်အမြဲတမ်း ထုတ်ပေးနေတော့ လူတွေလဲ တော်သွားသေးတာပေါ့ ။ ဒီကပိတ်မိနေတဲ့ ဟာတွေလဲ သွားလို့ရတယ်ဆိုတော့ နည်းနည်းလေး အခြေနေကောင်းလာတဲ့သဘောရှိတဲ့အတွက် အပြုသဘောပြောရရင် ဒါကောင်းပါတယ်။”ဟု ဦးမင်းသိန်းကပြောဆိုသည်။

တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကို အများဆုံး ဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုသို့ ပိတ်မိနေခဲ့သည့် ဆန်များကို ပန်ကာလေမှုတ်၍ ပြန်လည်သန့်စင်ကာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်ဆန်းမှစတင်ကာ တရုတ်နိုင်ငံက မှောင်ပစ္စည်းတိုက်ဖျက်ရေး စီမံချက်ဟူ၍
တရုတ်အစိုးရမှ တရားမ၀င် ဆန်တင်သွင်းမှုများကို ဆက်တိုက် ဖမ်းဆီးခဲ့ခြင်းကြောင့် မြန်မာဆန်ကုန်သည်များ အထိနာခဲ့သည်။

ယင်းကဲ့သို့ မူဆယ်၌ ဆန်တန်ချိန် အများအပြား ပိတ်မိခဲ့ခြင်းကြောင့် ပြည်တွင်း စပါးဈေးနှုန်းများပါ ကျဆင်းလာခဲ့ပြီး အခြေခံ ဈေးနှုန်းအောက်သို့ ရောက်ရှိခဲ့သည့် အခြေအနေအထိ ဖြစ်ခဲ့သည်။

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် တန်ချိန်အမြောက်အများ လျော့ကျနေသည့်အပြင် ပြည်တွင်း စပါးဈေးမှာလည်း အခြေခံဈေးနှုန်းအောက် ကျဆင်းနေသည့်အတွက် အစိုးရနှင့် ဆန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ဈေးကွက်ရှာဖွေခြင်းနှင့် ဆန်စက် အရည်အသွေးများ တိုးတက်လာစေရေးတို့ကို ဆောင်ရွက်လျှက်ရှိသည်။

Leave a Reply