လကမ္ဘာပေါ်ဒုတိယအကြိမ်သွားမယ့် အိန္ဒိယအာကာသယာဉ် ပြန်လည်လွှတ်တင်နိုင်

0
94

ဇူလိုင် ၂၂
နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံရဲ့လပေါ်ဒုတိယအကြိမ်မြောက်သွားမယ့်အာကာသယာဉ်ကို တနင်္လာနေ့ ညနေပိုင်းမှာပြန်လွှတ်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်တနင်္လာနေ့က အဲဒီအာကာသယာဉ်ချန်ဒရာယန်း-၂ ကိုလွှတ်တင်ဖို့စီစဉ်ခဲ့ပေမဲ့ မလွှတ်တင်ခင် တစ်နာရီလောက်အကြာမှာ နည်းပညာပိုင်းပေါ်ခဲ့လို့ အချိန်ရွှေ့ဆိုင်းခဲ့ရပြီး အခုတစ်ပတ်မှ ပြန်လွှတ်တင်ခဲ့တာပါ။

မလွှတ်တင်ခင် ၅၆ မိနစ်အလိုမှာ နောက်ပြန်ရေတွက်နေတဲ့အချိန်ရပ်ဆိုင်းခဲ့တာဖြစ်ပြီး လွှတ်တင်မယ့်ယာဉ်စနစ်မှာ မမျှော်လင့်ထားတဲ့နည်းပညာပိုင်းအခက်အခဲပေါ်ခဲ့တာကြောင့်ဖြစ်တယ်လို့ အိန္ဒိယအာကာသအေဂျင်စီက ပြောပါတယ်။

အခုအစီအစဉ်အတွက် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁၅၀ သုံးထားပြီး ချန်ဒရာယန်း ၂ ခရီးစဉ်ဟာ လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းကို ပထမဆုံးဆင်းသက်တာဖြစ်မှာပါ။

အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်းခြေမှာရှိတဲ့ ဆရီဟာရီကိုတာအာကာသစခန်းကနေ လွှတ်တင်ဖို့ စီစဉ်ထားတာပါ။

လမျက်နှာပြင်ကို ဦးစားပေးလေ့လာမှာဖြစ်ပြီး ရေနဲ့သတ္တုတွေကိုရှာဖွေမယ့်အပြင် လကမ္ဘာပေါ်မှာငလျင်လှုပ်တာတွေကိုလည်း တိုင်းတာမှာဖြစ်ပါတယ်။

တကယ်လို့ အောင်မြင်ခဲ့ရင်တော့ အိန္ဒိယနိုင်ငံဟာ လကမ္ဘာပေါ်ကို ငြိမ့်ငြိမ့်ညောင်းညောင်းဆင်းသက်နိုင်တဲ့ ၄ နိုင်ငံမြောက်နိုင်ငံဖြစ်လာမှာပါ။

အမေရိကန်၊ တရုတ်နဲ့ ဆိုဗီယက်ယူနီယံခေတ်တုန်းကပဲ လကမ္ဘာပေါ်ကို ဆင်းသက်နိုင်ခဲ့တာပါ။

အိန္ဒိယနိုင်ငံရဲ့အာကာသအစီအစဉ်တွေကို ၀န်ကြီးချုပ်နာရန်ဒရာ မိုဒီက ဦးဆောင်လုပ်ဆောင်ခိုင်းခဲ့တာဖြစ်ပြီး ဝေဖန်သူတွေကတော့ ပြည်တွင်းမှာရှိနေတဲ့ဆင်းရဲမွဲတေမှုတွေကို အရင်ဆုံးဖြေရှင်းဖို့ ပြောနေပါတယ်။

အခုတာဝန်က အေဂျင်စီတာဝန်ယူခဲ့ရတဲ့အထဲမှာ အရှုပ်အထွေးဆုံးအာကာသမစ်ရှင်ဖြစ်တယ်လို့ အိန္ဒိယအာကာသသုတေသနအဖွဲ့(အစ်စ်ရို)ရဲ့အကြီးအကဲ ကေ ဆီဗန်ကပြောဖူးပါတယ်။

မြေဆင်းယာဉ်နဲ့ ဂြိုဟ်ပေါ်သွားယာဉ်တို့က စက်တင်ဘာ ၆ ရက် ဒါမှမဟုတ် ၇ ရက်မှာ လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းကိုရောက်မယ်လို့မှန်းရပြီး အဲဒီနေရာကို ပထမဆုံးရောက်တဲ့အာကာသယာဉ်ဖြစ်လာဖို့ ရှိနေတာပါ။

အိန္ဒိယရဲ့ပထမဆုံးလကမ္ဘာခရီးစဉ်က ၂၀၀၈ ခုနှစ်မှာလွှတ်တင်ခဲ့တဲ့ ချန်ဒရာယန်း ၁ ဖြစ်ပြီး လကမ္ဘာမျက်နှာပြင်ပေါ်မဆင်းခဲ့ပေမဲ့ ရေဒါအသုံးပြုပြီး လပေါ်မှာ ရေကို ပထမဆုံးအသေးစိတ်ရှာဖွေခဲ့ပါတယ်။

အခုခရီးစဉ်မှာ အင်ဂျင်နီယာနဲ့သိပ္ပံပညာရှင် ၁၀၀ လောက်ပါဝင်အလုပ်လုပ်ခဲ့ပေမဲ့ ခေါင်းဆောင်ဖို့ကိုတော့ အမျိုးသမီးတစ်ယောက်ကို ရွေးချယ်ထားပါတယ်။

နှောင့်နှေးမှုတွေရှိခဲ့ပေမဲ့ ထောက်ခံခဲ့ကြတဲ့လူတွေကို ကျေးဇူးတင်တယ်လို့ အစ်စ်ရိုက ထုတ်ပြန်ထားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-ISRO

Leave a Reply