မြောက်ဒဂုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မီးရှို့ခံရမှုဖြစ်ပွား

0
99

ဇူလိုင်​ ၂၀
ပဉ္စလှိုင်း

ရန်​ကုန်​တိုင်း​ဒေသကြီး ၊ ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်​ ၊(၃၇)ရပ်​ကွက်​ ၊ပြည်​​ထောင်​စုလမ်းနှင့်​မဟာသီရိလမ်း​ထောင့်​ ၊ အမှတ်​(၆၁၁/၆၁၃)ရှိ မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီရုံးအ​ပေါ်ထပ်​အားယ​နေ့(ဇူလိုင်​ ၂၀)ရက်​​နေ့နံနက် အစောပိုင်းတွင် မီးရှို့ခံရမှုဖြစ်ပွားခဲ့သည်။

ဖြစ်​စဉ်​မှာ ဇူလိုင်​ ၂၀ ရက်​ နံနက် ၃ နာရီ ၃၀မိနစ် အချိန့်ခန့်​က ၊ ရုံးလုံခြုံ​ရေးဝန်​ထမ်း ဦးလှမြိုင်​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​ဦး​ကျော်​တင်​တို့ရုံး၌အိပ်​​နေစဉ်​ရုံးအ​ပေါ်ထပ်​မှ အသံကြား၍ထကြည့်​ရာ ၊လူတစ်​​ယောက်​အ​ပေါ်ထပ်​မှ​နေ၍ဆင်း​ပြေးလာသည်​ကိုမြင်​ခဲ့​ကြောင်း၊ ထိုသူအားဦး​ကျော်​တင်​မှ ” မင်းဘယ်​သူလည်းဘယ်​ကလည်း “​ ​မေးကာထိုသူ​နောက်​သို့လိုက်​စဉ်​ ထိုသူမှာရုံးခြံစည်းရိုးကို​ကျော်​လျက်​ထွက်​​ပြေးလွတ်​​မြောက်​သွားခဲ့​​ကြောင်း ၊ ထိုစဉ်​အ​ပေါ်ထပ်​တွင်​မီး​လောင်​ကျွမ်း​နေတာ​တွေ့သဖြင့်​မီးကိုဝိုင်းဝန်းညိမ်းသတ်​ခဲ့ကြရာ နံနက်​ ၃နာရီ၅၀မိနစ်အချိန်​ခန့်​ မီးညိမ်းသတ်​နိုင်​ခဲ့​ကြောင်း ၊ထိုဖြစ်​စဉ်​​ကြောင့်​ ကော်ဇောစိမ်း ၄ လိပ် ၊ အဲယားကွန်း ၂ လုံး၊ပလပ်စတစ်ကုလားထိုင် ၁၇ လုံး ပျက်စီးဆုံးရှုံးခဲ့​ကြောင်း မြောက်ဒဂုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းစိုး က ပြောသည်။

” ဒါကရှို့မီးဗျ ၊ ​ပြေးဆင်းလာတဲ့အသံကြား​တော့ရုံးအ​ပေါ်ထပ်​က​နေလူတစ်​​ယောက်​​​အောက်​ဆင်း​ပြေးသွားတာမြင်​လိုက်​ရတယ်​၊လိုက်​တာမမှီဘူး ၊ ရုံးအ​ပေါ်ထပ်​မှာထားတဲ့​ကော်​​ဇောကိုဓာတ်​ဆီ​လောင်းပြီးရှို့တဲ့သ​ဘောဗျ ၊ဓာတ်​ဆီအနံ​တွေလည်းရတယ်​၊ လက်​ရှိ​တော့ရဲစခန်းမှာအမှုသွားဖွင့်​တာ ၊ ရဲကမီးသတ်​ဌာနစစ်​​ဆေးချက်​အ​ဖြေမထွက်​​သေးလို့အမှုဖွင့်​မ​ပေး​သေးဘူးဗျ၊ စစ်​​ဆေးချက်​အ​ဖြေထွက်​ပြီးမှဖွင့်​​ပေးမယ်​​ပြောတယ်​ ” ဦးသန်းစိုးက ရှင်းပြသည်။

အခင်းဖြစ်ပွားရာအနီးမှ မျက်မြင်တွေ့ရှိသူဆိုသူ ဦးစိန်သစ်က ” မနက်​ကလမ်းဓာတ်​တိုင်​မီးညိမ်းသွားလို့သွားအဖွင့်​မှာ ၊ ဖန်​စကွဲသွပ်​ပြား​ပေါ်ကျသံကြားလိုက်​ရလို့လှမ်းကြည့်​​တော့ရုံးအ​ပေါ်ထပ်​မှာ မီး​လောင်​​နေတာ​တွေ့တယ်​၊ဒါနဲ့ရုံးကိုသွားအ​ကြောင်းကြားမယ်​လုပ်​​တော့ရုံးထဲကလူတစ်​​ယောက်​ခြံ​ကျော်​ထွက်​လာပြီးမလှမ်းမကမ်းမှာရပ်​ထားတဲ့တက္ကစီကား​ပေါ်တက်​ပြီးထွက်​သွားတာ​တွေ့တယ်​ ၊လူကပိန်​ပိန်​အရပ်​ရှည်​ရှည်​၊​​ကျောပိုးအိပ်​လွယ်​ထားတယ်​ ” ဟု ၎င်းမြင်တွေ့ခဲ့ပုံအား ပြောပြသည်။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ မီးသတ်​ဌာနနှင့်​ ရဲတပ်​ဖွဲ့တို့မှလုပ်​ငန်းစဉ်​များအတိုင်းဆက်​လက်​​စုံစမ်းစစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

#TheFifthWave

Leave a Reply