NLD ဗဟိုကော်မတီဝင် ဦးအောင်စိုး ပါတီမှ နှုတ်ထွက်စာတင်ထား၊ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို တာဝန်မှယာယီရပ်စဲထား

0
394

ဇူလိုင် ၂၅

ကျော်သူမြင့်

NLD ပါတီဗဟိုကော်မတီဝင်၊ တနင်္သာရီတိုင်းပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိုးက ပါတီမှနှုတ်ထွက်ရန် ဇူလိုင် ၂၄ ရက်က နှုတ်ထွက်စာတင်ထားပြီး ပါတီဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန် နောင်သိမ်းအား လုပ်ငန်းတာဝန်မှ ရပ်စဲထားကြောင်း သိရသည်။

“ဦးအောင်စိုးကမနေ့ကပဲ နှုတ်ထွက်စာတင်ထားပါတယ်။ သူ့ကိုတိုင်ကြားမှုနဲ့ ပတ်သတ်ပြီး အရေး ယူထားတာမျိုး မရှိသေးပါဘူး။ စစ်ဆေးပြီးပါပြီ ဆုံးဖြတ်ချက်မချရသေးဘူး”ဟု ပါတီပြောရေးဆို ခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဦးအောင်စိုးအား ပါတီဗဟိုထံသို့ တိုင်ကြားခံထားရပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရပြီး စုံစမ်းစစ်ဆေးမှုအပြီးတွင် နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုင်ကြားခံရသည့်ကိစ္စနှင့် ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုကို ဒေါက်တာမျိုးညွှန့်က ပြောဆိုခဲ့ခြင်းမရှိ ပေ။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ဦးအောင်စိုးအား ပဉ္စမလှိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။

ပါတီဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဦးမျိုးရန်နောင်သိမ်း တိုင်ကြားမှုကြောင့် စစ်ဆေး နေစဲဖြစ်ပြီး ပါတီလုပ်ငန်းတာဝန်မှ ယာယီရပ်စဲထားသည်ဟု သိရသည်။

“သတင်းမပေါက်ရင် မပြောပဲထားဖို့ပါ၊ အခုမေးလာတော့လဲ ဖြေရတာပေါ့။ တိုင်သူရှိလို့ စစ်ဆေးရ တဲ့ သဘောပါ။ ကျွန်တော်အနေနဲ့ကတော့ အလုပ်ပျက်တယ် မြန်မြန်စစ် မြန်မြန်ပြီးစေချင်တယ်။ စေတနာမှန်မှန်နဲ့ ဝန်ကြီးမလုပ်၊ အမတ်မလုပ်ပဲ အကောင်းဆုံး တာဝန်ထမ်းဆောင်နေချိန် ၂၀၀၈ ဖွဲ့စည်းပုံကိစ္စတွေနဲ့ မိုးလင်းမိုးချုပ် အလုပ်များနေချိန်၊ အလုပ်ပျက်တယ်” ဟု ဦးမျိုးရန်နောင်သိမ်း က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အမှားမလုပ်ထားသည်မှာ သေချာသည်ဟု ၎င်းကပြောဆိုထားသည်။

ပါတီမှ နှုတ်ထွက်စာတင်ထားသူ ဦးအောင်စိုးသည် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်၏ ခဲအိုတော်စပ်သူဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်သည် တိုင်းအတွင်းလုပ်ဆောင်ခဲ့သည့် စီမံကိန်းများတွင် လွှတ်တော်သို့ မတင်ပြပဲ လုပ်ဆောင်ခဲ့ခြင်း၊ ဦးအောင်စိုး၏ သမက်ဖြစ်သူ လုပ်ကိုင်နေသည့်GGS ကုမ္ပဏီ၏ နိုင်ငံတော်သို့ ပေးသွင်းရန်ကျပ်ငွေ(၈)ဘီလီယံကျော်ကိစ္စ၊ ထားဝယ်ခရိုင်လျှပ်စစ်ဓတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများ အတွက် တိုင်ကြားခံထားရပြီး အဂတိကော်မရှင်က စုံစမ်းစစ်ဆေးကာ အမှုဖွင့်စစ်ဆေးခံနေရသည်။

ဖေဖော်ဝါရီလအတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တနင်္သာရီခရီးစဉ်တွင် တိုင်းအစိုးရအဖွဲ့ အား အမြန်ဆုံးပြောင်းပေးရန်နှင့် ဦးအောင်စိုးအား ဖယ်ရှားပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ရှိခဲ့သည်။

ဦးအောင်စိုးသည် NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်၊ တနင်္သာရီတိုင်းပါတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီး သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။

NLD ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် တိုင်ကြားမှုရှိပါက အခြေအမြစ်ရှိမရှိကနဦး စစ်ဆေး ရပြီး ကနဦးစစ်ဆေးမှုတွင် တိုင်ကြားသူအားဦးစွာစစ်ဆေး၍ လုံလောက်သောအချက်အလက်ရှိ ကြောင်း တွေ့ရှိရပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ ဆက်လက်ဆောင်ရွက်ရသည်။

စုံစမ်းစစ်ဆေးမှုကို ကြားနာနေစဉ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ စွပ်စွဲခံရသူအား ပါတီတာဝန်မှ ယာယီရပ်ဆိုင်းထားနိုင်သည်ဟု ပါတီလုပ်ထုံးလုပ်နည်းများအရ သိရသည်။

Leave a Reply