အိုစမာ ဘင်လာဒင်ရဲ့သား ဟမ်ဇာ ဘင်လာဒင်သေဆုံးပြီလို့ အမေရိကန်ထောက်လှမ်းရေးတွေအတည်ပြု

0
98

သြဂုတ် ၁
နိုင်ငံတကာသတင်း

အယ်ကေးဒါးစစ်သွေးကြွအဖွဲ့ကိုတည်ထောင်ခဲ့တဲ့အိုစမာ ဘင်လာဒင်ရဲ့သားဖြစ်သူ ဟမ်ဇာ ဘင်လာဒင်သေဆုံးပြီလို့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက အတည်ပြုပါတယ်။

ဒါပေမဲ့ သူဘယ်အချိန်၊ ဘယ်နေရာမှာသေဆုံးခဲ့သလဲဆိုတာကိုတော့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တွေက ထုတ်မပြောထားပါဘူး။

သူဘယ်မှာရှိနေသလဲဆိုတာသတင်းပေးနိုင်ရင် ဆုငွေအမေရိကန်ဒေါ်လာ ၁ သန်းပေးမယ်လို့ ဖေဖော်ဝါရီတုန်းက အမေရိကန်အစိုးရက ဆုငွေထုတ်ခဲ့ပါတယ်။

အသက် ၃၀ ပတ်ဝန်းကျင်လောက်ရှိပြီလို့ထင်ရတဲ့ဟမ်ဇာက အမေရိကန်နဲ့တခြားနိုင်ငံတွေမှာ တိုက်ခိုက်မှုတွေလုပ်သွားဖို့ အသံတွေနဲ့ ရုပ်သံသတင်းစကားတွေပို့ခဲ့ဖူးပါတယ်။

သူသေဆုံးပြီလို့ အမေရိကန်မီဒီယာတွေက အမည်မဖော်တဲ့ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီးဖော်ပြနေတာပါ။

အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နဲ့ လုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဂျွန် ဘော်တန်တို့ကတော့ ဒီဖြစ်ရပ်အတွက် မှတ်ချက်ပြုဖို့ ငြင်းဆိုနေပါတယ်။

၂၀၁၁ ခုနှစ်၊ မေမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက ပါကစ္စတန်မှာ သူ့ဖခင်အိုစမာ ဘင်လာဒင်ကို သတ်ခဲ့လို့ လက်တုံ့ပြန်ဖို့ အစ္စလာမ်အစွန်းရောက်အယ်ကေးဒါးအဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့ပါတယ်။

အာရပ်ကျွန်းဆွယ်မှာနေတဲ့လူတွေကိုလည်း တော်လှန်ရေးလုပ်ဖို့ ဟမ်ဇာက ခိုင်းခဲ့ပြီး အခုနှစ်၊ မတ်မှာ သူ့ရဲ့နိုင်ငံသားဖြစ်ခွင့်ကို ဆော်ဒီအာရေဗျနိုင်ငံက ရုတ်သိမ်းခဲ့ပါတယ်။

သူ့ကို အီရန်မှာ နေအိမ်အကျယ်ချုပ်ထားထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဆီးရီးယားတို့မှာ အခြေချနေထိုင်နေတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ၊ အက်ဘော့တာဘက်မှာရှိတဲ့အိုစမာ ဘင်လာဒင်ရဲ့နေအိမ်မှာ ၂၀၁၁ ခုနှစ်က သိမ်းဆည်းရမိတဲ့စာရွက်စာတမ်းတွေအရ ဟမ်ဇာကို အယ်ကေးဒါးအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် သူ့အဖေက လက်ဆင့်ကမ်းပေးခဲ့တယ်လို့ပါဝင်ပါတယ်။

အယ်ကေဒါအဖွဲ့ဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က လေယာဉ်တွေပြန်ပေးဆွဲပြီး အမေရိကန်ပြည်ထောင်စုကနေရာတွေကို တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်နောက်ကွယ်ကအဖွဲ့ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာတော့ ISလို့သူတို့ကိုယ်သူတို့သတ်မှတ်တဲ့ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ကြီးစိုးမှုပိုများလာလို့ အယ်ကေးဒါးရဲ့အရှိန်အ၀ါလျော့သွားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-CIA

Leave a Reply