ဆေးဖြတ်လူငယ်များ ပြန်လည်ထူထောင်ရေး ရန်​ပုံ​ငွေအတွက်​ မိုင်တစ်​​ထောင်​​ကျော်​ မိုင်​ရှည်​ခရီး စက်​ဘီးနင်းမှု စတင်

0
176

ရန်​ကုန်​ ဇန်​နဝါရီ ၂၀ ၊ ၂၀၁၈

ရွှေတြိဂံဒေသ၊ ဆေးဖြတ်စခန်းမှ လူငယ်များပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် မိုင်တစ်ထောင်ကျော် စက်ဘီးစီးနင်းမှု တာချီလိတ် – ပူတာအို ခရီးစဉ်ကို ဇန်နဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စတင်လိုက်ပြီး ဖြစ်​သည်​။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ စက်ဘီးစီးနင်းသူ (၇)ဦးအဖွဲ့က မူးယစ်ဆေးဖြတ်လူငယ်များ ပြန်လည် ထူထောင်ရေး ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကချင်ပြည်နယ်၊ ပူတာအိုမြို့အထိ မိုင်ပေါင်း (၁၁၀၀)ကျော်အား ရက်ပေါင်း(၂၀)ကျော်ကြာမည့် မိုင်ရှည်ခရီး စက်ဘီးစီးနင်းမှုကို ယနေ့ စတင်လိုက်ခြင်းဖြစ်သည်​။

ရန်ပုံငွေရှာဖွေရေးခရီးစဉ်အား တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )နှင့် ကိုခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန် (ခ) ဦးစိုင်းဝန်းမားနှင့် ဦးချူးစိန်(ခ)ဦးရှီချွမ်ရှိန်တို့က ဇန်န၀ါရီလ (၂၀)ရက်နေ့ နံနက်တွင် တာချီလိတ်မှ စတင်ထွက်ခွာသွားပြီး ဇန်န၀ါရီ(၂၁)ရက်နေ့တွင် Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့နှင့် ပူးပေါင်း၍ စုစုပေါင်း (၇)ဦးအဖွဲ့ဖြင့် ကျိုင်းတုံမြို့မှ ဆက်လက် ထွက်ခွာကြမည်ဖြစ်​ကြောင်းသိရသည်​။

အဆိုပါ စက်ဘီးစီးခရီးစဉ်အတွင်း ရရှိသည့် အလှူငွေအားလုံးကို ရွှေတြိဂံဒေသ ဆေးဖြတ်လူငယ်များ ပြန်လည်ထူထောင်ရေးအတွက် တာချီလိတ်မြို့ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းသို့ လှူဒါန်းသွားမည် ဖြစ်ရာ ရန်ပုံငွေထည့်ဝင်လှူဒါန်းလိုသူများလည်း ဆက်​သွယ်​လှူဒါန်းနိုင်​​ကြောင်းသိရသည်​။

ရွှေတြိဂံ​ဒေသ မြန်​မာ ထိုင်းနယ်​စပ်​တွင်​ရှိ​သော ရန်​ကုန်​ရွာ မိုင်းကိုး ​ဆေးဖြတ်​စခန်းတွင်​ ပြည်​သူ့စစ်​အဖွဲ့နှင့်​ ​စေတနာရှင်​ပြည်​သူများက ကြပ်​မတ်​​ဆောင်​ရွက်​​ပေးလျက်​ရှိပြီး ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း လူငယ်​အများစု ​လာ​ရောက်​​ဆေးဖြတ်​ကြပြီး လိုအပ်​ချက်​များရှိ​နေ​သေး​ကြောင်းသိရသည်​။

သျှင်​ရဲထွဋ်

ဓာတ်​ပုံ​ – ​ဆေးဖြတ်​စခန်း ရံပုံ​ငွေ အဖွဲ့

Leave a Reply