သာ/ဝန်၏ ညစာစားပွဲ ဒေါ်အောင်ဆန်းစုကြည် ချမှတ်သည့် ဒဏ်ကြေးဖြစ် ဟုဆို

0
106

သြဂုတ် ၂
ယဉ်ကေနွယ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ နေအိမ်သို့ သြဂုတ်လ ၁ ရက်နေ့ ညပိုင်း က ဒေါ်အောင်ဆန်းစုကြည်မှ ညစာစားပွဲတက်ရောက်ခဲ့သည့် ဓာတ်ပုံ များ လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ထိုသို့ တက်ရောက်ခဲ့ခြင်း သည် သူရဦးအောင်ကို၏ ပြောဆိုမှုများသည် လွှဲချော်သည့် အတွက် ဒဏ်ကြေး အဖြစ် သတ်မှတ်ထားသည့် ညစာစားပွဲသို့ တက်ရောက်ခြင်းသာ ဖြစ်ကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။

“ပြောတဲ့ အချိန်နဲ့ မကိုက်ဘူး။ ၀န်ကြီး ကို ဖိုင်းတက်မယ်ဆိုပြီး ပြောတယ်။ အဲ့တော့ ဖိုင်းတက်တော့ ၀န်ကြီး သူရဦးအောင်ကို က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို သူက ဒဏ်ကြေးလာပေးတယ်။အဲ့တော့ အဲ့ဒဏ်ကြေးကို အတိုင်ပင်ခံပုဂ္ဂိုလ်က မသုံးပဲနဲ့ သူပြောထားတဲ့ အချိန်ထက်နောက်ကျတဲ့ အတွက် လည်း သူ့ကို ဒဏ်တက်တဲ့ အနေနဲ့ ထမင်းကျွေးရမယ်။ ညစာကျွေးရမယ်။ ကျွေးတဲ့ အခါမှာ ကျွန်တော် အတိုင်ပင်ခံရုံး၊ သမ္မတရုံး၊ လုံခြုံရေးတွေလည်းရှိတယ်။ အားလုံးပေါင်း ၈၀ ကျော်လောက်ရှိတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အဲ့ ၈၀ ကျော်လောက် ကို သူရဦးအောင်ကို က ညစာကျွေးရတာ ဖြစ်ပါတယ်။ ဆိုလိုတာက သူပြောထားတဲ့ တိုင်ပင်နဲ့ မကိုက်တဲ့ အတွက် ဖိုင်းတက်တဲ့ အနေနဲ့ လုပ်တဲ့ ဟာပါ”ဟု ဦးဇော်ဌေးကပြောသည်။

ယနေ့ သမ္မတအိမ်တော်၏ ရှင်းလင်းဆောင်ခန်းမတွင် နှစ်ပတ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးဇော်ဌေး မှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သူရဦးအောင်၏ ပြောဆိုသည့် စကားလွှဲချော်မှုများသည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး တွင် နှစ်စဉ် ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းမှုအပြီးတွင် ပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကြာမြှင့် နိုင်မည့် အချိန်အား မေးမြန်းရာတွင် သူရဦးအောင်ကို မှ ၂ နှစ် ဆက်တိုက် ပြောဆိုမှု လွှဲချော်ခဲ့သည့် အတွက် ယင်းသို့ ဒဏ်တက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညစာစားပွဲကျွေးမွေးရန်အတွက် ယမန်နေ့ကပင် ချက်ချင်းစီစဉ်သည့် ပွဲမျိုး မဟုတ်ပဲ ယခင်ကတည်းကပင် စီစသ်ထားသည့် ညစာစားပွဲဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။

ထိုသို့ ညစာစားပွဲဓာတ်ပုံများ လူမှုကွန်ယက်စာမျက်နှာပေါ်သို့ တက်လာရခြင်းသည် သူရဦးအောင်ကို ၏ မိသားစုဝင် တစ်ဦးမှ တင်လိုက်သည့် အတွက် ဖြစ်ကြောင်း သိရသည်။

“ဒါကို သူရဦးအောင်ကိုရဲ့ မိသားစုဝင် တစ်ယောက် FB မှာ ကောက်တင်တာ တွေ့ပါတယ်။ ဒါက ကျွန်တော်တို့ နိုင်ငံ့ရဲ့ခေါင်းဆောင်တွေ နိုင်ငံရဲ့ အကြီး အကဲတွေဒီလိုမျိုး ပရိုက်ပစ် ဒစ်နာ လုပ်တဲ့ ဟာ ကို ဒီလိုမျိုး အများပြည်သူအတွက် ထုတ်ပြန်သင့် မထုတ်ပြန်သင့် တင်သင့် မတင်သင့် ဆိုတာ စဉ်းစားဖို့ လိုတယ်။ ကျင့်ဝတ်လည်းရှိဖို့ လိုတယ်လို့ ကျွန်တော်တော့ မြင်တယ်”ဟု ဦးဇော်ဌေး ကပြောသည်။

ထိုသို့ ဒဏ်တက်သည့် ညစာစားပွဲသာ ဖြစ်သည့် အတွက် လက်ရှိ သာသာနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၏ လုပ်ဆောင်မှုများအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ညွှန်ကြား ထားမှု လုံးဝ မရှိကြောင်း ဦးဇော်ဌေးကပြောသည်။

Photo. Hnin Sabel Aung FB

Leave a Reply