ပါကစ္စတန်နဲ့အငြင်းပွားမှုတွေဖြစ်နေချိန် အိန္ဒိယပိုင်ကတ်ရှ်မီးယားဘက်ခြမ်းဆီ တပ်ဖွဲ့ဝင်ထောင်ချီထပ်ပို့ပြီး နယ်မြေပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေ

0
11

သြဂုတ် ၅
နိုင်ငံတကာသတင်း

အိန္ဒိယက တပ်ဖွဲ့ဝင်ထောင်ချီကိုနယ်စပ်ထပ်ပို့ထားပြီး ပါကစ္စတန်နဲ့ ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ကတ်ရှ်မီးယားဒေသမှာ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ထိပ်တိုက်တွေ့စေမယ့်လုပ်ရပ်တွေအပြန်အလှန်စွပ်စွဲပြောဆိုနေချိန်မှာ အိန္ဒိယပိုင်ကတ်ရှ်မီးယားဘက်ခြမ်းရဲ့အာဏာပိုင်တွေက ဒီနေ့မနက်ပိုင်းမှာ နယ်မြေပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေပါတယ်။

ပုဂ္ဂလိကမိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေ၊ အင်တာနက်ဝန်ဆောင်မှုတွေနဲ့ တယ်လီဖုန်းလိုင်းတွေကိုဖြတ်ထားပြီး အဆက်အသွယ်တွေဖြတ်ထားတယ်လို့ AFPသတင်းအေဂျင်စီကဖော်ပြပါတယ်။

ကွန်ရက်တွေအဖြတ်မခံရခင် ကတ်ရှ်မီးယားနိုင်ငံရေးခေါင်းဆောင်တွေက သူတို့ကို နေအိမ်အကျယ်ချုပ်နဲ့ဖမ်းထားတယ်လို့ တွစ်တာမှာပြောပါတယ်။

အမိန့်အရ လူထုလှုပ်ရှားမှုတွေလည်း မရှိရမယ့်အပြင် ပညာရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေကိုလည်း ပိတ်ထားရမယ်လို့ အိန္ဒိယပိုင်ကတ်ရှ်မီးယားရဲ့မြို့တော်ဆရီနာဂါအတွက်ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

အခုအမိန့်စတည်တဲ့အချိန်ကစပြီး လူထုအစည်းအဝေးတွေလုပ်တာကို လုံးဝပိတ်ပင်ထားသလို ဟိန္ဒူအများစုရှိတဲ့ဂျမ်မူးပြည်နယ်က တက္ကသိုလ်တွေ၊ ကောလိပ်တွေနဲ့ ကျောင်းတွေကိုလည်း ပိတ်ထားရမှာဖြစ်ပြီး အဲဒီနေရာက ခရိုင်တစ်ခုကိုလည်း ပိတ်ဆို့စစ်ဆေးနေပါတယ်။

မွတ်ဆလင်တွေအများစုရှိတဲ့နေရာရဲ့ခရိုင်တော်တော်များများလည်း ကန့်သတ်ချက်တွေရှိနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်လောက်မှာ အိန္ဒိယက တပ်ဖွဲ့ဝင်အနည်းဆုံး ၁၀၀၀၀ လောက်ကို ဖြန့်ကျက်နေရာချထားပြီးတဲ့နောက် အခုနောက်ဆုံးတင်းမာမှုတွေဖြစ်နေတာပါ။

အကြမ်းဖက်အန္တရာယ်ရှိနေတယ်ဆိုတဲ့အခိုင်အမာပြောဆိုမှုတွေကြောင့် အိန္ဒိယအစိုးရက အစားအစာနဲ့ လောင်စာဆီတွေစုထားတာအပါအ၀င် တခြားလုံခြုံရေးအစီအမံတွေထပ်တိုးပြုလုပ်ထားတာဖြစ်ပါတယ်။

လုံခြုံရေးအစီအမံတွေကြောင့် ဒေသခံတွေရဲ့ကြောက်စိတ်ပိုကြီးထွားနေပါတယ်။

၁၉၄၇ ခုနှစ်မှာ ဗြိတိန်ကိုလိုနီလက်အောက်လွတ်ခဲ့ချိန်ကတည်းက အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ကတ်ရှ်မီးယားဒေသကို တစ်ပိုင်းစီထိန်းချုပ်ထားပေမဲ့ ဒေသတစ်ခုလုံးကို အပြည့်အ၀ပိုင်ဆိုင်တယ်လို့ နှစ်ဖက်စလုံးကပြောပြီး နယ်မြေကိစ္စကြောင့် စစ် ၃ ကြိမ်ဖြစ်ခဲ့ပါတယ်။

Source-AFP

#ဥက္ကာ
#TheFifthWaveNews
Photo-India Today

Leave a Reply