ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေး စစ်ကိုင်းတွင် ကျောင်းသားသမဂ္ဂများ ဆန္ဒပြ

0
28

သြဂုတ် ၅
နိုင်လင်းဦး

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား ပြန်လွှတ်ပေးရေးအတွက် သြဂုတ်လ ၅ ရက်နေ့က စစ်ကိုင်းမြို့တွင် ကျောင်းသားသမဂ္ဂများ ဆန္ဒပြ တောင်းဆိုခဲ့ကြသည် ။

ဆန္ဒပြတောင်းဆိုရာတွင် မတရားဖမ်းဆီးခံထားရသည့် ကျောင်းသားများ ချက်ချင်းလွှတ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာလှုပ်ရှားခွင့်ရရှိရေး ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရရှိရေး စသည့် ဆိုင်းဘုတ်များကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ချီတက်လမ်းလျှောက်ခဲ့ကြသည် ။

“တရားစွဲဆိုတာကို မတရားဘူးလို့ သတ်မှတ်တယ် ။ ဒါ့ကြောင့်မလို့ ဖမ်းဆီးခံကျောင်းသားကျောင်းသူတွေအတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာပါ ။ ဘာဖြစ်လို့ မတရားဘူးလည်း ဆိုရင် ကျောင်းသားတွေက သူတို့ရဲ့ အခွင့်အရေးအရ လုပ်တဲ့ကိစ္စကို မတရားပုဒ်မတပ်ပြီး တရားစွဲဆိုတာတွေ လုပ်တဲ့အတွက်ကြောင့်ပါ။´´ လို့ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကိုသာယာထွေး က ပြောသည် ။

ဆန္ဒပြရာတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး ကောလိပ်၊ မန္တလေးပညာရေးကောလိပ်၊ ဘားအံပညာရေးတက္ကသိုလ် ၊ လားရှိုး ပညာရေးကောလိပ်၊ မုံရွာပညာရေးကောလိပ် စသည်တို့မှ ကျောင်းသားသမဂ္ဂများ ပါဝင်ခဲ့ကြသည်။

ဆဲဗင်းဇူလိုင်လှုပ်ရှားမှုနှင့်ပတ်သက်၍ ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ကျောင်းသားများအား ပြန်လွှတ်ပေးခြင်းမရှိပါက တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများစုပေါင်း၍ လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည် ။

ဆန္ဒပြမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိသည့်အတွက် ရဲတပ်ဖွဲ့ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများက ခွင့်ပြုချက်ရယူဆောင်ရွက်ရန် လာရောက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည် ။

Leave a Reply