မန္တလေး ကုတင် ၅၀၀ အရိုး ဆေးရုံမှ ဆေးရုံအုပ်ကြီး အပါအဝင် (၃) ဦး စုံခုံစစ်ဆေးခံရ

0
81

သြဂုတ် ၉
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်ရှိ ကုတင် ၅၀၀ အရိုး ဆေးရုံမှ ဆေးရုံအုပ်ကြီး အပါအဝင် (၃) ဦး ဋ္ဌာနတွင်း စုံခုံစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည် ။

အဆိုပါ ဆေးရုံမှ ဆေးရုံအုပ်ကြီး၊ ဌာနခွဲစာရေးကြီး၊ ဌာနစာရေး တို့ကို ဆေးရုံဝန်ထမ်းများအပါအဝင် ဆေးရုံဝန်းအတွင်း အလုပ်လုပ်သူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားထားခြင်းဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့က စတင်စစ်ဆေးခြင်းဖြစ်သည် ။

“တိုင်ကြားထားတဲ့ ကျွန်တော်တို့အဖွဲ့ကို ခေါ်စစ်ပါတယ်။ စစ်တဲ့အဖွဲ့တွေက တိလည်းတိကျပါတယ်။ မှန်ကန်ပါတယ်။ လက်မှတ်ထိုးထားသူအကုန်လုံးကို ခေါ်စစ်တာပါ။ သက်သေခံ အသံဖိုင်တွေရော ပေးခဲ့ပါတယ်” တိုင်ကြားထားသူ တစ်ဦးဖြစ်သည့် ဦးမောင်လွင် က ပြောသည်။

တိုင်ကြားထားသည့်အချက်များတွင် လ္ဘက်ရည်ဆိုင်နေရာ ၊ ကား ဆိုင်ကယ် အပ်နံဌာန တွေအတွက် တင်ဒါလျှောက်လွှာများရောင်းချခြင်း၊ တင်ဒါအောင်မြင်ရေးအကြောင်းပြကာ လာဘ်ငွေတောင်းခြင်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းများဖောက်ဖျက်ဆောင်ရွက်ခြင်း ၊ လုပ်ပိုင်ခွင့်အပေါ် အလွဲသုံးစားပြုခြင်း တို့ကို ပြုလုပ်သည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့ က တိုင်ကြားခဲ့ခြင်းဖြစ်သည် ။

“တင်ဒါကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့ဆီကနေ ငွေ သိန်းလေးဆယ် ၊ လက်ဖက်ရည်ဆိုင်က သိန်းလေးဆယ် ယူထားတယ်။ ကျွန်တော့ဆီက တင်ဒါပေးမယ်ဆိုပြီး ပိုက်ဆံတွေယူထားပြီးတော့ ငွေလည်းပြန်မပေးဘူး။ လုပ်ငန်းလည်းမရဘူး။ အဲ့ဒါကြောင့် တိုင်ထားတာပါ”ဟု ဦးမောင်လွင် က ဆက်လက်ပြောသည် ။

ယခင် ဌာနခွဲ စာရေးကြီး ယခု ကုသရေးဦးစီးဌာန ၊ အုပ်ချုပ်/စီမံ ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးအောင်ကျော်ဦး က ခြေတု လက်တု နှင့် အားပြုကိရိယာ အလုပ်ရုံ ဆောက်လုပ်သည့်အချိန်က စီမံကိန်း မှ သစ် နှင့် သံချောင်းများကို ကိုယ်ကျိုးအတွက် အသုံးပြုမှုများရှိကြောင်း တိုင်စာတွင် ဖော်ပြထားသည် ။

“သူတို့ပြောတဲ့ အဆောက်အဦး က မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ရဲ့ အသေးစားရန်ပုံငွေနဲ့ ဆောက်ထားတဲ့ အဆောက်အဦး ဒါကို နိုင်ငံတော် ဘဏ္ဍာငွေနဲ့ ဆောက်ထားတယ်တဲ့ ။ တိုင်တဲ့သူက ဆေးရုံကို မီခိုပြီး taxi ကား မောင်းစားနေတဲ့သူ” ဟု တိုင်ကြားခံရသည့် ယခင် ဌာနခွဲ စာရေးကြီး ယခု ကုသရေးဦးစီးဌာန ၊ အုပ်ချုပ်/စီမံ ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးအောင်ကျော်ဦး က ပြောသည် ။

ဆေးရုံအုပ်ကြီး နှင့် တာဝန်ရှိသူများ က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ က စ၍ လူနာ/လူနာစောင့်များ ထံမှ တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်း ကောက်ခံခြင်း၊ ဆေးရုံအတွင်း တင်ဒါလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များထံမှ အခါကြီး ရက်ကြီးများတွင် အလှူခံခြင်း စသည်တို့ကိုလည်း ပြုလုပ်ကြောင်း တိုင်စာတွင် ဖော်ပြထားသည် ။

Leave a Reply