ခွေးပိုင်ရှင်ထံ ငွေ ၆၀၀၀ တောင်းပြီး ဂေဟာပို့ပေးနေသည့် လုပ်ရပ်များ မြို့တော်ဝန် သတိပေး

0
30

သြဂုတ် ၁၃
ဝေဝေဖြိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် လေလွင့်ခွေး အရောင်းအ၀ယ် ပြုလုပ်နေခြင်းမဟုတ်၍ ခွေးပိုင်ရှင်ထံ ငွေ ၆၀၀၀ တောင်းခံပြီး ဂေဟာပို့နေမှုမျိုး မလုပ်ကြရန် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက သတိပေးပြောဆိုသည်။

“အဲ့ဒီစာက အပြင်မှာတော့ လက်တွေ့ကျင့်သုံးနေတယ်လို့ ပြောတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ဟုတ်ခဲ့ရင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နဲ့ EO များ တားပေးပါ။ ခွေးတစ်ကောင် ကို ဟို(ဂေဟာ)ပို့ရင်၊ ကိုယ့်ခွေးကို ဖမ်းပြီး ပို့ရင် ခွေးပိုင်ရှင်က ၆၀၀၀ ပေးရမယ်။ ဒါလည်း ခွေးလာပို့တယ်။ ငွေ ၆၀၀၀ ပေးပြီး ဒါပို့ပေးပါဆိုတဲ့ သဘောမျိုးလုပ်တယ်။ ကျွန်တော်တို့ စည်ပင်သာယာဟာ လူမှုကိစ္စကို လုပ်ပါ။ စကားခပ်ရိုင်း ရိုင်းပြောရင်တော့ ခွင့်လွှတ်ပါ။ ခွေးအရောင်းအ၀ယ် မလုပ်ပါနဲ့။ ဒါဟာ ဘယ်သူက စပြီး ထွင်လဲတော့ မသိဘူး။ကျွန်တော် လုံးဝ လက်မခံပါဘူး”ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့နယ်စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရန်ကုန်မြို့တွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် လေလွင့်ခွေးပြဿနာ ဖြေရှင်းရာတွင် ခွေးများကို မေ့ဆေးပစ်ဖမ်း၍ ဂေဟာပို့ ဖြေရှင်းဆောင်ရွက်လျက်ရှိ နေပြီး ခွေးတစ်ကောင် ဂေဟာပို့ဆောင်ပါက ခွေးပိုင်ရှင်ထံမှ ကျပ် ၆၀၀၀ တောင်းခံခြင်း ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန်ထံ တင်ပြစာ ရောက်ရှိနေကြောင်း သိရသည်။

၎င်းထံရောက်ရှိနေသောစာတွင် ခွေးတစ်ကောင် ဂေဟာပို့ပါက ကျပ် ၆၀၀၀ ဟု ဖော်ပြထားသော်လည်း ရပ်ကွက်အတွင်း မြေပြင်အခြေ အနေတွင် ကျပ် ၇၀၀၀ ပေးဆောင်နေရသည်ကို စုံစမ်းသိရှိရ သည်ဟု ဆိုသည်။

“၆၀၀၀ တောင်းတောင်း၊ ၇၀၀၀ တောင်းတောင်း ဒီခွေးတစ်ကောင်ကို ဖမ်းပို့ဖို့ ခွေးပိုင်ရှင်က ပိုက်ဆံပေးပြီး လုပ်ပေးရတဲ့ကိစ္စက တော်တော်ရုပ်ဆိုးတဲ့ ကိစ္စ။ ဒါ ကျွန်တော်တို့ ဘတ်ဂျက်နဲ့ကိုလုပ်မယ်။ မရဘူးဆိုရင် တာဝန်ခံပြီး လုပ်ပေးမယ်ဆိုပြီး သွားရမယ့်ကိစ္စဆိုတော့ ဒါသည် အရောင်းအ၀ယ် လုပ်ငန်းမျိုးလည်း မဟုတ်ဘူး။ ဒီဟာသည် စီးပွားဖြစ်လည်း မဟုတ်ဘူး။ ဒီခွေးလက်ခံပြီး ငါ့ပိုက်ဆံပေး ငါပို့ပေးမယ်ဆိုတဲ့ကိစ္စ ဒါရှိနေတယ်။ ကျွန်တော်ဒီသတင်းကို လိုက်စုံစမ်းနေတယ်။ ကျွန်တော့်ဆီ ဒီစာ ရောက်နေတယ်။ လုံးဝ ခွင့်မလွှတ်ပါဘူး။ မြို့နယ်အတွင်းမှာ အဲ့ဒါရှိခဲ့ရင် လုံးဝ မလုပ်ကြပါနဲ့” ဟု မြို့တော်ဝန်က ဆိုသည်။

လက်ရှိ ရန်ကုန်မြို့တွင် ဖြစ်ပွားလျက်ရှိသည့် လေလွင့်ခွေးပြဿနာနှင့် ပတ်သက်၍ မေ့ဆေးပစ်ဖမ်း၍ ဂေဟာပို့ ဖြေရှင်းရာတွင် ခွေးတစ်ကောင်လျှင် ကျပ် ၆၀၀၀ ကုန်ကျပြီး အချို့သော မြို့နယ်များတွင် ရန်ပုံငွေမရှိသည့်အတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လေလွင့်ခွေးပြဿနာ ဖြေရှင်းရာတွင် လိုအပ်လျက်ရှိနေသော ကုန်ကျစရိတ်အတွက် ပြင်ပအလှူရှင် ဖိတ်ခေါ်နေခြင်းထက် လွှတ်တော်တွင် တရားဝင် ဘတ်ဂျက်တောင်းခံသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားထားသည်။

Leave a Reply