စူပါတိုင်ဖွန်းမုန်တိုင်းလီကီမားကြောင့် တရုတ်မှာ သေဆုံးသူ ၄၉ ယောက်ရှိနေ

0
42

သြဂုတ် ၁၃
နိုင်ငံတကာသတင်း

တရုတ်နိုင်ငံအရှေ့ဘက်ကမ်းခြေကို အခုနှစ်ရဲ့ ၉ ခုမြောက်တိုင်ဖွန်းမုန်တိုင်းလီကီမာဝင်ရောက်လို့ အပျက်အစီးတွေဖြစ်ပြီး လေပြင်းတွေနဲ့ မိုးကြီးခဲ့လို့ အင်္ဂါနေ့အထိဆိုရင် တရုတ်နိုင်ငံမှာ သေဆုံးသူ ၄၉ ယောက်ရှိပြီး ၂၁ ယောက်ပျောက်ဆုံးနေပါတယ်။

ကျီဂျန်း၊ ရှန်ဒေါင်းနဲ့ အန်းဟွီပြည်နယ်တွေကို မုန်တိုင်းဝင်ရောက်ခဲ့ပြီး လူ ၁ သန်းကျော်ဘေးလွတ်ရာရွှေ့ပြောင်းနေရပါတယ်။

အနည်းဆုံးလူ ၄၉ ယောက်သေဆုံးပြီး နောက်ထပ်ဒါဇင်ချီပျောက်ဆုံးနေတယ်လို့ ရှင်ဟွာသတင်းအေဂျင်စီက တနင်္လာနေ့ညပိုင်းမှာဖော်ပြပါတယ်။

စနေနေ့မှာ လီကီမားက ကျီဂျန်းပြည်နယ်ကို တစ်နာရီလေတိုက်နှုန်း ၁၉၀ ကီလိုမီတာလောက်နဲ့ ပထမဆုံးဝင်ရောက်ခဲ့ပြီး ကမ်းရိုးတန်းဒေသတွေမှာ ရေတက်ခဲ့တာ မီတာတော်တော်များများအထိရောက်ခဲ့ပါတယ်။

ရှန်ဒေါင်းပြည်နယ်မှာ အခုတစ်ပတ်မိုးရေချိန်ဟာ ၁၉၅၂ ခုနှစ်မှာ စပြီးမှတ်တမ်းထားကတည်းက အမြင့်ဆုံးဖြစ်ခဲ့တယ်လို့လည်း ရှင်ဟွာကဖော်ပြပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တိုက်ရိုက်အပျက်အစီးတန်ဖိုး ယွမ် ၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာသန်း ၃၂၀၀)ဖိုးလောက်ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောထားပါတယ်။

ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားအဓိကမြို့ကြီးတွေမှာ မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်ထောင်ချီကို ဖျက်သိမ်းခဲ့ရပြီး ရထားခရီးစဉ်တွေလည်း ကမောက်ကမဖြစ်ခဲ့တယ်လို့ အစိုးရပိုင်CCTVရုပ်သံကဖော်ပြပါတယ်။

ရှန်ဟိုင်းဒစ္စနေဥယျာဉ်အပါအ၀င် ကမ်းခြေတစ်လျှောက်မှာရှိတဲ့ ခရီးသည်တွေအလာများတဲ့နေရာ ရာချီကိုလည်း မုန်တိုင်းမ၀င်ခင်မှာ ပိတ်ထားခဲ့ပါတယ်။

Source-AFP
#ဥက္ကာ
#TheFifthWaveNews
Photo-People’s Daily Twitter

Leave a Reply