ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်တွေကို စာဖတ်သူများ စုစည်းဖတ်ရှု့နိုင်ဖို့အတွက် တင်ပြအပ်ပါတယ်။

0
247

ပူပူနွေးနွေးပြန်ကြားရေး ဒုဝန်ကြီးက အစိုးရဟာ မှော်ဆရာလို မစွမ်းဘူးလို့ အစိုးရအဖွဲ့ဝင် ဖြစ်ဖြစ်ချင်း စပြောလိုက်ပါတယ် ။ပြည်တွင်း မှာ ရှိနေတဲ့ နိုင်ငံသားတွေဟာ ဖြစ်ချင်စိတ်တွေ အားကြီးလွန်းနေတဲ့ အတွက် ခံနိုင်ရည် ရှိကြဖို့ ဒုဝန်ကြီးဦးအောင်လှထွန်းက သတိပေးခဲ့ပြီး အစိုးရက မှော်ဆရာလို မစွမ်းဘူးလို့ ပြောကြားသွားပါတယ်။ဇန်န၀ါရီလ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် အခမ်းအနားအပြီးမှာ မီဒီယာတွေကို ဒုဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် ပြန်ကြားရေးဒုဝန်ကြီး အသစ်ရဲ့ စကားဟာ မြန်မာနိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေ ကြားထဲမှာ ပြောစရာစကားတစ်ခု ဖြစ်လာခဲ့ပါတယ်။ NLD အစိုးရရဲ့ ၀န်ကြီးတွေ ဒုဝန်ကြီးတွေအနေနဲ့ မီဒီယာကိုပဲ ဖြစ်ဖြစ် လူပရိသတ်ကိုပဲ ဖြစ်ဖြစ် စကားပြောကြတဲ့အခါ စကားတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုတတ်ဖို့ လိုအပ်နေပါတယ်။ ကြမ်းကျွံရင် နုတ်လို့ရပေမယ့် စကားကျွံသွားရင် ပြန်နုတ်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် မိမိတို့ဟာ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေ ဖြစ်နေကြတဲ့ အတွက် ကိုယ့်ရဲ့စကားတစ်ခွန်းဟာ အများသူငါအတွက် ဟာသတွေ လှောင်စရာတွေ မဖြစ်ရအောင် ပို၍ပို၍ သတိထားကြဖို့ လိုအပ်နေကြောင်း သုံးသပ်လိုက်ရပါတယ်။

သတင်းထောက်တွေကိုထမင်းဝအောင်စားထားလို့ မပြောခဲ့ကြောင်း ကိုကိုနီအမှုမှ တရားရင်ဆိုင်နေရတဲ့ အောင်ဝင်းဇော်က ပြန်ငြင်းတဲ့သတင်းလေးကို တင်ပြချင်ပါတယ်။ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဦးကိုနီအမှုအတွက် စွပ်စွဲခံထားရတဲ့ အောင်ဝင်းဇော်က သတင်းထောက်တွေကို ထမင်းဝအောင် စားထား ဆိုပြီး စကားတစ်ခွန်းပြောထားတယ်လို့ ပါရှိခဲ့ပါတယ်။ဒီစကားနဲ့ ပတ်သက်ပြီး ကာယကံရှင် အောင်ဝင်းဇော် သူမပြောခဲ့ဘူးလို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။ ဒါ့အပြင် မပြောဘဲ ပြောတယ်လို့ လုပ်ခဲ့တဲ့ ရှေ့နေကိုလည်း ပြန်ပြီး တရားစွဲဖို့ လုပ်မယ်လို့ အောင်ဝင်းဇော်က ဆိုပါတယ်။ဒီကိစ္စအတွက် တရားစွဲခံရမယ့် ရှေ့နေဖြစ်သူကလည်း အခြေအနေကို ကြည့်ပြီး ဆက်လုပ်မယ်လို့ ပြန်လည်ချေပခဲ့သလို မဟုတ်ဘဲနဲ့ မပြောဘူးလို့လည်း ပြန်လည်ပြောဆိုထားပါတယ်။ ဆိုတော့ကာ ဦးကိုနီအသတ်ခံရမှုက တစ်နှစ်နီးပါးခန့်ကြာနေပြီဖြစ်ပေ မယ့် အမှုက မပြတ်သေးပါဘူး။ ဒီအချိန်မှာ အခုလို ပြသနာ နောက်တစ်ခုက ဆက်တိုက်ထပ်ဖြစ်လာတဲ့အတွက် ရုံးချိန်းတွေကတော့ ဆက်ဖြစ်နေဦးမှာ ဖြစ်သလို ဦးကိုနီ အမှုဟာလည်း ဆက်လက်ကြန့်ကြာဖွယ် ရှိနေပါတော့တယ်။

ဒီတစ်ခါတော့ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှုတွေကြောင့် နှစ်စဉ် လူငါးထောင်ခန့် သေဆုံးနေရတဲ့ သတင်းကို တင်ပြချင်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၁၄ခုနှစ်ကနေ၂၀၁၇ခုနှစ် အထိနှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် တစ်နှစ်ကို လူအယောက် ငါးထောင် ဝန်းကျင်ခန့် နှစ်စဉ်သေဆုံးလျက်ရှိတယ်လို့ အမှတ် (၃) ယာဉ်ထိန်း တပ်ဖွဲ့ခွဲ၏ စာရင်းများအရ သိရပါတယ်။ယာဉ်တိုက်မှု အများဆုံး ဒေသတွေကတော့ ရန်ကုန် ၊မန္တလေးနဲ့ ပဲခူးတို့မှာ ဖြစ်ပြီး ယာဉ်အစီးရေ ၊ ဆိုင်ကယ်အစီးရေ များပြားနေမှုတွေကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေအတွက် အဓိက အရေးကြီးတာ ကတော့ စည်းကမ်းပိုင်းပဲ ဖြစ်ပါတယ်။ ယာဉ်မောင်းနှင်သူတွေ စည်းကမ်းလိုက်နာဖို့ လိုအပ်သလို လမ်းအသုံးပြုသူတွေလည်း စည်းကမ်းတွေကို လိုက်နာကြဖို့ အရေးကြီးပါတယ်။ နိုင်ငံတော် အနေနဲ့လည်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် နေ့စဉ် ပညာပေးအစီအစဉ်တွေကို ပြုလုပ်နေပေမယ့် သတိမမူရင်တော့ ဂူမမြင်တတ်ကြပါဘူး။ ဒါကြောင့် မျက်စိတမှိတ် လျှပ်တပြတ်အတွင်း ကိုယ့်ဘ၀ရော အသက်နဲ့ ခန္ဓာပါ ဆုံးရှုံးသွားနိုင်တဲ့အတွက် ယာဉ်တွေ လမ်းတွေကို အသုံးပြုကြမယ်ဆိုရင် သတိရှိကြဖို့ တိုက်တွန်း လိုက်ပါရစေ။

အခုတခါ အစိုးရသစ်လက်ထက်မှာ ပထမဆုံး အဖမ်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ သတင်းကို တင်ပြပါမယ်။ ရသေ့တောင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ်တဲ့ ရခိုင်နိုင်ငံ တော်အချုပ်အခြာအာဏာ ကျဆုံးခြင်း (၂၃၃)နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောချက်များနဲ့ ပတ်သက်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် မတရားအသင်းအက်ဥပဒေပုဒ်မ များနဲ့ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဖမ်းဆီးလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ဖမ်းဆီးအရေးယူဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အပြစ်ကျူးလွန်လို့ ဖမ်းမယ်ဆိုရင် ကနဦး ဖမ်းမယ့်ကိစ္စအတွက် လွှတ်တော်ဥက္ကဋ္ဌဆီမှာ ခွင့်ပြုချက်တောင်းရပါတယ်။ ဥက္ကဋ္ဌ ခွင့်ပြုမှ ဖမ်းဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်ရဲ့ ဖြစ်စဉ်ကတော့ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က ခွင့်ပြုပေးလိုက်တဲ့အတွက် အခုဆိုရင်ဖမ်းဆီးပြီး စစ်တွေထောင်ကို အပို့ခံလိုက်ရပြီ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေတဲ့ အစိုးရအသစ်ရဲ့ လက်ထက်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ သူ့ပါတီ ငါ့ပါတီတွေ မရှိဘဲ အပြစ်ရှိရင် အပြစ်ရှိသလို ထိထိရောက်ရောက် ဆောင်ရွက်လာတာ ဒီဖြစ်စဉ်က သာဓကပဲဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

အပေါ့သွားနေတာကို သွားပြီးတားမြစ်မိတဲ့ အုပ်ချုပ်ရေးမှူး ဓားထိုးခံလိုက်ရတဲ့ သတင်းလေးကို တင်ပြချင်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ၊သာစည်မြို့ အမှတ် (၆) ရပ်ကွက်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က အပေါ့သွားနေတာကို အုပ်ချုပ်ရေးမှူးက တားတဲ့အတွက် ဓါးထိုးခံရမှု ဖြစ်ပွားခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး ဦးကိုကိုကြီး (၅၃) နှစ် နဲ့ ရာအိမ်မှူး ဦးရွှေဝင်းလှိုင် (၅၆) နှစ်တို့ ဟာ အောင်ချမ်းသာဘုရား မြောက်ဘက်မုခ်ဝအနီးမှာ လူငယ်နှစ်ဦး အပေါ့သွားနေတာကို သေးမပေါက်ဖို့ သွားရောက် တားစီးခဲ့ကြတာမှာ လူငယ်တစ်ဦး က ပါလာတဲ့ ဓါးနဲ့ ထိုးသွားခဲ့လို့ အုပ်ချုပ်ရေးမှူးလည်းဆေးရုံကို ရောက်သွားခဲ့ရပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ လူမှုပတ်ဝန်းကျင်မှာ မကြာခဏ ဖြစ်တတ်လေ့ရှိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ဓားနဲ့ အထိုးခံရတာမျိုးတော့ မကြားမိသေးပါဘူး။ အုပ်ချုပ်ရေးမှူးတွေပဲ ဖြစ်ဖြစ် လှည့်ကင်း ပတ်ကင်းဆောင်ရွက်နေတဲ့ ရဲဝန်ထမ်းတွေပဲ ဖြစ်ဖြစ် လမ်းဘေးမှာ အပေါ့အလေးသွားတဲ့ လူတွေကို တွေ့ရင် အာဏာပါဝါယူနီဖောင်းကို အသုံးချပြီး ဟောက်စားမလုပ်မိကြဖို့ လိုအပ်လှပါတယ်။ဒါ့အပြင် တားမြစ်သူတွေအနေနဲ့ ကိုယ့်အန္တရာယ်လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ပြီးမှသာ ဆောင်ရွက်သ့င်ပါကြောင်း ရေးသားလိုက်ရပါတယ်။

အခုတင်ပြချင်တာကတော့ ရခိုင်ပြည်နယ် မြောက်ဦးက အခြေ အနေလေးကို တင်ပြချင်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားပွဲပျက်ရာမှ လူစုဝေးနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပြီး တဲ့နောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ် လူစုခွဲတဲ့အတွက် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်သူတွေဟာ ပွဲပျက်တာကို မကျေနပ်တဲ့အတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ချီတက်ခဲ့ပြီး ခရိုင်ရဲစခန်းရှေ့ အရောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့ သတိပေးခဲ့ပေမယ့် လူစုမခွဲခဲ့တာကြောင့် လူအုပ်အတွင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ဒီဖြစ်စဉ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်နေတာတွေ ရှိနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ဟာ မကြာခဏဆိုသလို ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ်တစ်ခု ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေဟာ တည်ဆဲအစိုးရအတွက်တော့ ဗူးလေးရာ ဖရုံဆင့်တဲ့ ဖြစ်စဉ်တွေပါပဲ။ တည်ငြိမ်ရေး အေးချမ်းရေး ဆိုတဲ့ ဖြစ်စဉ်တွေဟာ ဘယ်သောအခါမှသာ အထမြောက်အောင်မြင်လိမ့်မလဲဆိုတာကတော့ မျှော်တွေးရင်း မောမိပါတယ်လို့သာ တင်ပြလိုက်ပါတယ်။

အခုတော့ ရန်ကုန်က YBS သတင်းလေးကို တင်ပြချင်ပါတယ်။ယခုနှစ် မတ်လက စတင်ပြီး ရန်ကုန်က YBS ကားတွေကို Yangon Payment Service ကဒ်စနစ်နဲ့ စီးနင်းနိုင်အောင် ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီလို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆာင်ရေးအာဏာပိုင်အဖွဲ့က ဆိုပါတယ်။ကတ်စနစ်ကို အသုံးပြုတဲ့အခါ ကားခကို အနည်းဆုံး ၁၀၀ ကနေ စီးနင်းတဲ့ အကွားအဝေးပေါ် မူတည်ပြီး ကျသင့်ငွေဖြတ်တောက် မှာ ဖြစ်တယ်လို့ သိရပါတယ်။YBS တွေ အနေနဲ့ ယခင် မထသ ရဲ့နေရာကို အစားထိုးပြောဆွဲခဲ့တာဟာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရန်ကုမြို့တွင်း ၆ မြို့နယ်အတွက် ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေလောက်သာ ကားအကောင်းစားတွေ ကားသစ်တွေ ရှိနေပြီး သတ်မှတ်စည်းကမ်းနဲ့ အညီ ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။ တောင်ဒဂုံ ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ ၊ သန်လျင် ၊ သာကေတ စသဖြင့် မြို့ပြင်ကို သွားနေတဲ့ ယာဉ်လိုင်းတွေမှာတော့ ယာဉ်တွေရဲ့ ကြံ့ခိုင်မှု အနေအထားရော ယာဉ်နောက်လိုက်တွေရဲ့ ဆက်ဆံရေး အခြေအနေတွေကပါ တိုးတက်ပြောင်းလဲလာခြင်း မရှိသေးပါဘူး။ အထူးသဖြင့် မီနီဘတ်စ်တွေနဲ့သာ ပြေးဆွဲနေကြတဲ့ ခရီးစဉ်တွေမှာ ယာဉ်အရွယ်အစားနဲ့ ခရီးသည်အရေအတွက် ပမာဏတွေဟာ သဟာဇာတမရှိဖြစ်လို့နေပါတယ်။ ရုံးတက်ရုံးဆင်းချိန်တွေနဲ့ ညပိုင်းအချိန်တွေမှာဆိုရင် မြို့ပြင်မှာနေထိုင်ကြတဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ နေ့စဉ် ဒုက္ခတွေ ရင်ဆိုင်နေကြရတာကို YBS တည်ထောင် သူတွေ အနေနဲ့ သတိပြုစဉ်းစားကြဖို့ လိုအပ်နေပါသေးတယ်။ ခရီးသွားပြည်သူတွေအတွက် အဆင့်အတန်းမြင့်မြင့် စေတနာထား ဆောင်ရွက်လိုတယ်ဆိုရင်တော့ မြို့ပြင်မှာ ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေရဲ့ နေရာမှာ မြို့ထဲမှာ ပြေးဆွဲနေတဲ့ ယာဉ်တွေလိုပဲ ကားအကောင်းစားတွေ ကားအကြီးစားတွေနဲ့ အစားထိုး ပြေးဆွဲပေးနိုင်ကြပါစေလို့ တိုက်တွန်းတင်ပြလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ကြတဲ့အခါမှာ ကွက်ကြားမိုး မရွာကြစေဖို့ ရေးသားလိုက်ရပါတယ်။

အထက်ပါသတင်းကောက်နုတ်ချက်များကို ပဉ္စမလှိုင်း ၊ The Voice ၊ DVB ၊ RFA တို့မှ သတင်းများဖြင့် ကောက်နုတ်တင်ပြခြင်း ဖြစ်ပါတယ်။

fwn

Leave a Reply