ဒလမြို့နယ်အတွင်း ငါးလေလံဈေး တည်ဆောက်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်

0
52

သြဂုတ် ၁၄
ဝေဝေဖြိုး

ဒလမြို့နယ်အတွင်း ငါးလေလံဈေး တည်ဆောက်ရန် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

သြဂုတ်လ ၁၃ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် Shwe Than Lwin Co., Ltd မှ တာဝန်ရှိသူများတွေ့ဆုံကာ ဒလမြို့နယ်အတွင်း ငါးလေလံဈေး တည်ဆောက်ရေး စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

“ဒလတံတားပြီးသွားရင် ရန်ကုန်မြို့ထဲမှာရှိတဲ့ ငါးဆိပ်ကမ်းတွေ ရှိတယ်၊ ငါးဆိပ်ကမ်းတွေက ဟိုတစ်ပျောက် ဒီတစ်ပျောက် ဖြစ်နေတဲ့အတွက် တချို့ဒေသခံ ပြည်သူတွေက ငါးဆိပ်ကမ်းကို သိပ်မကျေနပ်ကျဘူး၊ ဘာကြောင့်လည်းဆိုတော့ အနံ့အသက် ရှိတယ်၊ နောက်တစ်ချက်က ရေပေါ့၊ ရေဆိုတာ ငါးဆိပ်ကမ်းရှိ လို့ရှိရင် ရေခဲစက်က ရှိတာကိုး၊ ရေခဲစက်ရှိတော့ အဲဒီနားက လူတွေက ရေမရဘူးပေါ့၊ ဘာလို့ဆို စည်ပင်သာယာရေကို ရေခဲစက်တို့ကသုံးရင် ရပ်ရွာနဲ့ မျှသုံးရတယ်၊ အဲ့ဒီမှာ ဒီပြသနာတွေရှိတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် စနစ်ကျသည့် ငါးဈေးကွက်တစ်ခုကို ပုံဖော်သွားရန်ရှိသည်ဟုဆိုသည်။

လက်ရှိတွင် ကိုရီးယား – မြန်မာ ချစ်ကြည်ရေး ဒလတံတားကို တည်ဆောက်နေပြီး တံတားတည်ဆောက်မှု ပြီးစီးပါက ဒလဘက်ခြမ်းရှိ ကမ်းနားဧရိယာတွင် ငါးဈေးကွက်တစ်ခု ဖော်ဆောင်သွားရန် စီစဉ်နေခြင်းဖြစ်သည်။

ထို့ပြင် ကြည့်မြင်တိုင် ငါးဈေး ညဈေးတန်းတွင်လည်း ညဘက် ကုန်သေတ္တာယာဉ်များ ဖြတ်သန်းသွားလာ နေသောကြောင့် အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ရန်ကုန် – ဒလ တံတားစီမံကိန်းကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးရန် တိုင်းအစိုးရက မျှော်မှန်းဆောင် ရွက်နေခြင်းဖြစ်သည်။

Leave a Reply