အဂတိမှုဖြင့် တရားစွဲခံရသည့် ​နေပြည်​​တော်​ စည်​ပင်​ ​ဈေးများဌာနမှူးအား လာမည့်ရုံးချိန်း အမိန့်ချမည်

0
30

သြဂုတ် ၁၄
နိုင်လင်းဦး

အဂတိလိုက်စားမှုဖြင့် အမှုရင်ဆိုင်နေရသည့် နေပြည်တော်ကောင်စီနယ်မြေ ဈေးများဌာနမှ ဌာနမှူအား လာမည့်အပတ်ရုံးချိန်း သြဂုတ်လ ၂၈ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည် ။

အဆိုပါအမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် သြဂုတ်လ ၁၄ ရက်နေ့ က ရုံးချိန်းခဲ့ပြီး အပြီးသက်လျှောက်လဲချက်တင်ခဲ့ရကြောင်း နေပြည်တော်ကောင်စီနယ်မြေ ဈေးများဌာနမှ ဌာနမှူး ဦးမင်းလွင်​စိုး၏ အကျိုး​ဆောင်​​ရှေ့​နေဖြစ်​သည့်​ တရားလွှတ်​​တော်​​ရှေ့နေ ​ဦးခင်​​မောင်​သန်း က ပြောသည်​။

“လျှောက်လဲချက်ကို နှုတ်နဲ့ရော စာနဲ့ရောတင်တယ် ။ လျှောက်လဲချက်မှာ အဓိက ကတော့ သက်သေ ဗွီဒီယိုဖိုင်ကို နေပြည်တော် သိပ္ပံနဲ့ နည်းပညာဌာန က ပြန်စစ်တော့ ဖြတ်တောက်ထားတယ်ဆိုပြီးပြောတယ် ။ အမှန်တကယ် က ဆယ့်ငါးမိနစ်လောက်ကြာတယ် ။ သက်သေတင်တော့ ခြောက်မိနစ်လောက်ပဲ ။ ဖြတ်တောက်တာတွေက လက်ဆောင်ခြင်း နဲ့ ပိုက်ဆံ ပြန်ပေးလိုက်တာတွေဖြစ်တယ်။´´ ဟု တရားလွှတ်​​တော်​​ရှေ့နေ ​ဦးခင်​​မောင်​သန်း က ပြောသည်​။

ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ ထံမှ ငွေများရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ထားခြင်းဖြစ်ကာ မန္တလေးတိုင်း တရားလွှတ်တော်တွင် ဦးမင်းလွင်စိုးကို ရာဇဝတ်ကြီး အမှုအမှတ် ၈ ၊ ၉ ဖြင့် ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်သည် ။ အမှုမှာ ၂၀၁၇ ခုနှစ်ကတည်းက ရုံးတင်စစ်ဆေးခဲ့ပြီး နှစ်နှစ်ကျော်ရှိပြီဖြစ်သည် ။

ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ၂၀၁၇ခုနှစ်၊ သြဂုတ်(၁၉)ရက်နေ့က ငွေကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ခုနှစ်မတ်လပိုင်းက ငွေကျပ်သိန်း (၂၀) တို့ကိုရယူခဲ့သည့်အတွက် နိုင်ငံ့ဝန်ထမ်းလုပ်ပိုင်ခွင့်ရှိသူများအနေဖြင့်လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစာပြုကာ ငွေကြေးရယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၆ အရ အမှုဖွင့်ဖမ်းဆီးခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ ဈေးများဌာနမှ ဌာနမှူး ဦးမင်းလွင်​စိုး နှင့် အတူ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် နေပြည်တော်ကောင်စီနယ်မြေ တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာနဌာနမှူး ဒေါက်တာခိုင်စိုးလှ မှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထဲက ထောင်ဒဏ်သုံးနှစ်ကျခံရန် အမိန့်ချခဲ့ပြီးဖြစ်သည် ။
ဒေါက်တာခိုင်စိုးလှသည်လည်းပဲ ဦးမျိုးခက်ထံမှ ၂၀၁၇ခုနှစ် သြဂုတ်(၁၁)ရက်နေ့က ငွေကျပ်ငါးသိန်း၊ ၂၀၁၇ခုနှစ်၊သြဂုတ်(၁၉)ရက်နေ့က ငွေကျပ်ဆယ်သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ခုနှစ်၊မေလဆန်းပိုင်းက ငွေကျပ်သိန်းလေးဆယ် တို့ကို ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply