NLD ပါတီ ခရိုင်အလုပ်မှုဆောင်အဖွဲ့ဝင်တစ်ဦးကို လူငယ် ၅ ဦးက ဝိုင်းဝန်းထိုးကြိတ်၊ ဓါးဖြင့်ခုတ်

0
4

သြဂုတ် ၁၄
နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့် မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၏ အလုပ်အမူဆောင်အဖွဲ့ဝင်တစ်ဦးကို လူငယ်ငါးဦး က ဝိုင်းဝန်းထိုးကြိတ်၍ ဓါးဖြင့် ခုတ်မှု သြဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ အောင်မြေသာစံမြို့နယ် ၈၉ လမ်း၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၏ အလုပ်အမူဆောင်အဖွဲ့ဝင် ဦးမျိုးလွင်(၅၄ နှစ်) အပါအဝင် အမျိုးသားသုံးဦးမှာ လက်ဖက်ရည်သောက်နေချိန် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူငယ်ငါးဦး ရောက်ရှိလာကာ “ချချ ခုတ်ခုတ်” ဟု ပြောဆို၍ ဝိုင်းဝန်းထိုးကြိတ် ဓါးဖြင့်ခုတ်ခဲ့ကြောင်း သိရသည် ။

အခြားသူများက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းချိန်တွင် အမည်မသိ လူငယ်ငါးဦးမှာ ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

“တရားခံကတော့ မမိသေးဘူး။ ကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ အတွက် စုံစမ်းတာတွေတော့ လုပ်နေတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာ ကျူးလွန်သူတွေ မိမှ သိရမှာ” ဟု အမှတ် (၅) မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓါးဖြင့်ခုတ်၊ လက်သီးဖြင့်ထိုးခံရမှုကြောင့် ဦးမျိုးလွင် မှာ လက်ညှိုးပြတ်ရှ ဒဏ်ရာ၊ တံတောင်ဆစ်ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် တင်ပို့ထားကာ အသက်အန္တရယ် မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူ လူငယ် (၅) ဦးကို အမှတ်(၅)မြို့မရဲစခန်းတွင် (ပ) ၅၆၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄/၃၂၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#TheFifthWave

Leave a Reply