နဝမတန်း ကျောင်းသားများကို ကျောင်းထုတ်မှု ပညာရေးဝန်ကြီးဌာနထံ တိုင်ကြားသွားမည်

0
144

မန္တလေးမြို့ ၊ ဇန်နဝါရီ ၂၂၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်း မှ နဝမတန်း ကျောင်းသားများကို ကျောင်းထုတ်မှုအတွက် ပညာရေးဝန်ကြီးဌာနထံသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်းကျောင်းသားမိဘများထံက သိရသည်။

အဆိုပါကျောင်းတွင် ကျောင်းထုတ်ခံရသည့် ကျောင်းသား (၉) ဦးအထိရှိသွားပြီဖြစ်ပြီး ထိုသို့ကျောင်ထုတ်ခံရမှုအတွက် ဇန်နဝါရီလ ၂၂ ရက်နေ့က ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ကျွန်မသားလေးဟာ ကောင်မလေးကို စကားပြောတယ် ဆိုပြီး ကျောင်းထုတ်ခံရတယ်။ နှစ်ကုန်တော့မှာ ဖြစ်တဲ့အတွက် ဆက်နေပါရစေဆိုပြီး တောင်းဆိုတာ မရပါဘူး ။ ကျွန်မတို့မှာ သားလေးကို ပညာတတ်ဖြစ်စေချင်တယ်။ ကျွန်မသားလေး ကျောင်းထုတ်ခံရလို့ စိတ်မကောင်းဘူး” ဟု ကျောင်းသားမောင်မိုးယံ၏ မိခင်ဖြစ်သူ ဒေါ်ငယ်ထွေးက ပြောသည်။

ထို့အပြင် နဝမတန်း (D) ခန်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား (၂) ဦးကို ကျောင်းအတွင်း ရန်ဖြစ်သည်ဟုဆိုကာ ကျောင်းမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

“ကျွန်မသား က နှစ်စလောက်က နေ့တစ်ဝက်ကျောင်းပျက်ဖူးတယ်။ နောက်ပြီး ကျောင်းမှာ ဘာပွဲလဲမသိဘူး။အဲ့ဒါရှိတဲ့နေ့တုန်းက ကျောင်းက ကောင်မလေးတွေနဲ့ လျှောက်လည်တယ် ။ အဲ့ဒါကို ကျောင်းလစ်တယ် ဆိုပြီး ကျောင်းက တာဝန်ရှိသူတွေက ပြောတယ်။ ကျောင်းမှာ ကျောင်သားချင်း စနောက်ရာကနေ ထိုးတဲ့ကြိတ်တဲ့အဆင့် မရောက် ပါဘူး။ အဲ့ဒါကို ကျွန်မသားနဲ့ သူငယ်ချင်းတစ်ယောက်ကို ကျောင်းထုတ် ပစ်တယ်” ဟု ကျောင်းသား မောင်ဇော်လှိုင်မြင့်၏ မိခင်ဖြစ်သူ ဒေါ်ရီမြင့် က ပြောသည်။

အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းထုတ် ခံရသည့် နဝမတန်း ကျောင်းသား (၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နှစ်ယောက်ကိုတော့ ကျောင်းပြောင်းလိုက်ရတာပါ။ ကျောင်းထုတ်တာ ဒီခေတ်မှာ မရှိတော့ပါဘူး။ အဲ့ဒီနှစ်ယောက်က မောင်ဇော်လှိုင်မြင့် နဲ့ သူ့သူငယ်ချင်းပါ။ ခု ဖောင်တော်ဦးကျောင်းမှာ တက်နေပါပြီ ။ မောင်မိုးယံကတော့ နဝမတန်းဖြေခွင့်ပေးမှာပါ။ ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေ အပြစ်ရှိလို့ ဒီလိုလုပ်တာပါ” ဟု ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးချမ်းငြိမ်းစိုးက ပြောသည်။

ယခုလက်ရှိတွင် အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ် မရှိပဲ ကျောင်းအုပ်ချုပ်ရေးကော်မတီဖွဲ့၍ အုပ်ချုပ်နေကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply