ပင်လုံညီလာခံ ရက်ရွှေ့ဆိုင်းရခြင်းအပေါ် ငြိမ်းချမ်းရေးကော်မရှင် ရှင်းလင်း

0
179

ရန်ကုန် ၊ ဇန်န၀ါရီ ၂၂ ၊ ၂၀၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCAလက်မှတ်ရေးထိုး ရန်ကျန်ရှိနေသည့်အဖွဲ့သစ်များ လက်မှတ်ရေး ထိုးရန်ရှိလာနိုင်သော ကြောင့် ၂၁-ရာစုပင်လုံညီလာခံ တတိယအစည်းအဝေးကို ရွှေ့ဆိုင်းလိုက် ရခြင်း ဖြစ်ကြောင်း ငြိမ်း ချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကပြော သည်။

“လက်မှတ်မထိုးရသေးတဲ့အဖွဲ့သစ်တွေလက်မှတ်ထိုးနိုင်ခြေရှိတဲ့အခြေအနေမှာ အောင်မြင်တဲ့အနေအထားရောက်ဖို့ ဆွေးနွေးနေတုန်း အခြေအနေ ရှိတယ်။ လက်မှတ်ထိုးနိုင်မယ့်အနေအထားလဲရှိတယ်။ သူတို့ဘက် ကလည်းဆန္ဒရှိတယ် ။ အဲ့ဒါကြောင့်ဒီလထဲမှာ လုပ်ဖို့အချိန် မမှီလို့ ရက်ရွှေ့ဆိုင်းလိုက်ရတာပါ။ဖေဖော်ဝါ ရီလထဲရောက်သွားမှာပေါ့”ဟု ဦးအောင်စိုးကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇန်န၀ါရီလနောက်ဆုံးပတ်တွင် ကျင်းပမည် ဟုကြေညာထားခဲ့သည်။

NCAလက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ ပါဝင်သည့် UNFCနှင့် ဆွေးနွေးလျက်ရှိပြီး UNFCဘက်မှ လက်မှတ် ရေးထိုးရန်အတွက်တောင်းဆိုချက် ၉ချက်ကိုတောင်းဆိုထားပြီး အစိုးရနှင့် ဆွေးနွေးနေစဲ ဖြစ်သည်။

ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီတွင် မွန်ပြည်သစ် ပါတီNMSP ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ရခိုင် အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့ပါ ၀င်သည်။
NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့PPST၏ အရေးပေါ် အစည်းအဝေး ကို ဇန်န၀ါရီ ၁၁ရက်နှင့် ၁၂ရက်နေ့များတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီးတွင် နိုင်ငံရေးဆွေး နွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ (တတိယ အစည်းအဝေး)ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

ရှမ်းပြည်နယ်အတွင်းပြုလုပ်မည့် ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုတွေ့ဆုံဆွေးနွေးပွဲများ၊ လူထုတွေ့ဆုံပွဲများကို တားမြစ်မှုများ ရှိလာခြင်းကြောင့် PPSTက အစည်းအဝေးအပြီးတွင် သဘောထား ကြေညာချက် ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်ကသဘောထားကိုတရားဝင်ပြောထားလာတာတော့မရှိသေးဘူး။ ဒါပေမယ့် ရက်ကိုမသတ်မှတ်ရသေးတာ အရင်ကတည်းက ဇန်န၀ါရီ နောက်ဆုံးပတ်လောက်လို့ပြောထားတာဆိုတော့ ခုဖေဖော်ဝါရီထဲလောက် ရောက်သွားနိုင် တာ “ဟုဦးအောင်စိုးကဆိုသည်။

၂၁-ရာစုပင်လုံအစည်းအဝေးများကို တစ်နှစ်လျင် ၂ကြိမ်ကျင်းပရန် သဘောတူညီထားသည်။

ကိုဥာဏ်

ပုံစာ – ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး
ဓာတ်ပုံ – Myanmar State Counsellor Office

Leave a Reply