မြေသိမ်းပြီးကြီးပွားခဲ့ခြင်း မဟုတ်သည့်အတွက် ခရိုနီလို့ အခေါ်မခံနိုင်ကြောင်း ဦးခင်ရွှေ ဆို

0
22

သြဂုတ် ၂၃
ဝေဝေဖြိုး

မြေသိမ်းပြီးကြီးပွားခဲ့ခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင် ကြိုးစားပြီး အခြေက လာခဲ့သည့်အတွက် ခရိုနီလို့ အခေါ်မခံနိုင်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေကပြောသည်။

ယခုလ ၂၂ ရက်က တော်ဝင်ဂါးဒင်းဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနားတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်တဲ့သူတွေကျတော့ ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့အတွက် ခရိုနီဆိုပြီးတော့ ခေါင်းစဉ်တပ်ပလိုက်တယ်။ ဘဏ်လုပ်ငန်းရှင်တွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ခေါ်တွေ့တဲ့အချိန်မှာ ကျွန်တော့်ကို ခရိုနီလို့မခေါ်နဲ့ ခရိုနီလို့ ခေါ်ရင် ကျွန်တော်အရမ်းနာတယ် ။ဘာလို့ဆို ကျွန်တော်တို့က မြေကြီးသိမ်းပြီးတော့ ကြီးပွားခဲ့တာမဟုတ်ဘူး ကားတွေကို သွင်း ဘာမဟုတ်တာ ပါမစ်တွေနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ကြိုးစားပြီး အခြေကလာတယ်။ ခရိုနီလို့မခေါ်နဲ့ ခရိုနီဆိုတာ အပေါင်းအသင်း အပေါင်းအသင်းမှာ မကောင်းတဲ့ နိုက်ကတစ်တွေ ပါတဲ့အတွက် လက်မခံနိုင်ပါဘူးဆိုတော့ ခရိုနီလို့မခေါ်တော့ဘူး နောင်ဆို တိုင်ကွန်းလို့ ခေါ်ပါမယ်ဆိုပြီး အဲ့နေ့က ဆုံးဖြတ်ပေးတယ်။ ဒါပေမယ့် အားလုံးကတော့ ဒီနေ့ထိစွဲနေတာက ခရိုနီတွေ”ဟု ၎င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေး ထိပ်ဆုံးပုဂ္ဂိုလ်များကို ပြန်ကြည့်ပါက အကုန်လုံးက ရိုးသားပြီး ဆက်ဆံရေး နှင့် စိတ်ရင်းများ အကုန်ကောင်းကြသည်ဟုဆိုသည်။

မိမိတို့လုပ်ကိုင်နေသည့် လုပ်ငန်းများ၊ စနစ်များ ကွဲနေခြင်းသာရှိပြီး ဘဏ်လုပ်ငန်းနှင့်အောင်မြင်သူ ၊ စူပါမားကတ်နှင့်အောင်မြင်သူ ၊ ဆောက်လုပ်ရေးနှင့် အောင်မြင်သူ၊ ITနှင့် အောင်မြင်သူ စသဖြင့် လုပ်ငန်းအလိုက် အောင်မြင်နေကြသောကြောင့် အတုယူစရာ ကောင်းသည်ဟုဆိုသည်။

“ဘဏ်လုပ်ငန်းရှင်တွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ခေါ် တွေ့တဲ့အချိန်မှာ ကျွန်တော်၊ ဦးကျော်ဝင်း ၊ ကိုတေဇ ၊ ဦးချစ်ခိုင်ပါတယ် ။ အားလုံး ပိုင်ဆိုင်မှုကို ပေါင်းလိုက်ပါ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား ၊မလေးရှား၊ စင်ကာပူ အဲ့ကချမ်းသာတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ အားလုံး မမှီကြပါဘူး ။ ပေါင်းလိုက်ပါ မှီတာတစ်ခုပဲရှိတယ်၊ အကြွေးပဲ မှီကြတယ်။ အားလုံးအကြွေးတွေနဲ့ကြီးပဲ”ဟု ဦးခင်ရွှေကပြောသည်။

ထို့ပြင် မိမိအနေဖြင့် စီးပွားရေးနှင့်ပတ်သက်၍ မျက်ရည်တောက်တောက်ကျသည်အထိ အခက်အခဲများရှိသည်ဟုဆိုသည်။

မြေသိမ်းသည့်ကိစ္စနှင့်ပတ်သက်၍ မိမိအနေဖြင့် မြေ တစ်ကွက်မျှ မသိမ်းဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိမ်းခြင်းဖြစ်သည်ဟုဆိုသည်။

” မြေသိမ်းတယ်။ ကျွန်တော်တို့ခေတ်က သိမ်းလို့မရဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အိုးအိမ်ဦးစီးဌာ နကနေပြီးတော့ developer တွေ ရှာပြီးတော့မှ တဲပေါ်ကတိုက်ပေါ်ကို တင်တာ မြေတွေကို သွားစိုက်ပြီးတော့ ကျွန်တော်တို့ကို လုပ်ခိုင်းလို့ လုပ်ရတာပါ ။ မြေကို ကျွန်တော်တို့ ၁ ကွက်မှ မသိမ်းဘူး။ ဆောက်လုပ်ရေးက သိမ်းတာ။ အဲ့တာကို မြေသိမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ တချို့မီဒီယာတွေလဲ ရေးကြတယ် ။ ရေးတဲ့မီဒီယာတွေကိုလဲ အခု ကျွန်တော်တရားစွဲထားတာ ၄ ဦးလောက်ရှိတယ် ။ သိန်း ၇သောင်း တောင်းထားတယ်။ ကျွန်တော့်သိက္ခာအရလေ ၊ သိန်း ၅သောင်း၊ သိန်း ၃သောင်း တောင်းထားတယ်။ သူ့အတန်းစားအလိုက် ကျွန်တော်တောင်းပြီးတော့ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ စွဲချင်လို့မဟုတ်ပါဘူး။ ဘာလို့ဆို ၅၀၀ အရ စွဲပိုင်ခွင့်ရှိတယ်။ အဲ့လိုစွဲလိုက်တဲ့အတွက် မီဒီယာကနေ အခုနောက်ပိုင်းကျွန်တော်နဲ့ ပတ်သက်လို့ မရေးကြဘူးဆိုတာ သူတို့ဆီကလဲ ကျွန်တော် ဘာမှလဲ မလိုချင်ပါဘူး ။ မရေးပါနဲ့တော့ ပါးစပ်နဲ့ ပြောလို့မရဘူး။ ဆက်ရေးတယ်ဆိုရင် တရားဥပဒေကို မထီမဲ့မြင်လုပ်မှုနဲ့ ထောင်ကျနိုင်တယ်။ ဒါကြောင့်မင်းတို့ ဆက်မရေးပါနဲ့တော့ တန့်လိုက်တဲ့ သဘောပဲရှိတယ်။
ဒါပေမယ့် ငါ့ကို မြေ ၁လက်မ သိမ်းတယ်ဆိုရင် မင်းတို့ငါ့ကို ကြိုက်တာပြော ၊ ခင်ရွှေ ကားတစ်စီးပေးဖူး ရင် ၊ ပါမစ်တွေ လိုက်ရှာလိုက် ကားတစ်စီးပေးဖူးရင် ကျုပ်ကို တရားစွဲ မြေတစ်ကွက် ပေးပြီးရင် ကျုပ်ကို ကြိုက်သလို အရေးယူပါဆိုပြီး ဒီလိုစိန်ခေါ်ခဲ့ဖူးပါတယ် “ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂိုလ်များစွာရှိပြီး စက်ရုံ တစ်ရုံမှ တစ်ရုံကို သွားသည့်အချိန်တွင် အကြပ်တည်း တစ်ခုဖြင့် ကြုံလိုက်သည်နှင့် ယင်းအကြပ်အတည်း ထွက်ပေါက်ကို မည်ကဲ့သို့ ဖြေရှင်းရမလဲဟူသည်ကို တစ်ဦးချင်း ပြောရ ဆိုရ ခက်ခဲသောကြောင့် မျက်ရည်ကျခြင်းမှလွဲ၍ ကျန်တာဘာမှမရှိကြောင်း ၎င်းကပြောသည်။

Leave a Reply