တိုက်ပွဲများကြောင့် ကုန်သွယ်ရေး ရပ်ဆိုင်းမှုအား ဖြေရှင်းနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ ညှိနှိုင်းနေဟုဆို

0
86

သြဂုတ် ၂၅
ဝေဝေဖြိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ကုန်သွယ်ရေးများ ရပ်ဆိုင်းသွားခြင်းကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်တို့အကြား ညှိနှိုင်းဆွေးနွေး လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ယခုလ ၂၄ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ပုဂ္ဂလိက ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ(၂၉) ကြိမ်မြောက် ပုံမှန်တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဒီထိခိုက်နစ်နာမှုက အဆိုးဝါးဆုံး ဖြစ်စဉ်တစ်ခု ဖြစ်တဲ့အတွက် ဒီကိစ္စကို တက်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်တို့ အစိုးရဘက်က သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့ ဒီဖြေရှင်းမှုကို အကောင်းဆုံးဖြစ်အောင် အလွယ်တကူ ဖြေရှင်းနိုင်မှု ရှိတယ်၊ မရှိဘူးဆိုတာ လုံခြုံရေးအပေါ် မူတည်ပါတယ်။” ဟု ၎င်းကပြောသည်။

ယခင်က မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းများတွင် နေ့စဉ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းနှင့်ချီကုန်သွယ်နိုင်ခဲ့ရာမှ ယင်းတိုက်ပွဲများကြောင့် လက်ရှိတွင် အမေရိကန်ဒေါ်လာ သိန်းဂဏန်းအထိသာ ကုန်သွယ်နိုင်ပြီး တချို့နေရာ များတွင် ကုန်သွယ်ရေးများ ရပ်ဆိုင်းသွားသည် ဟုဆိုသည်။

ယင်းကဲ့သို့ တိုက်ပွဲမဖြစ်ပွားမီကာလအတွင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုပမာဏမှာ တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်းရှိခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားသည့် သြဂုတ်လ ၁၅ ရက်နောက်ပိုင်းမှစတင်၍ လက်ရှိအချိန်ထိ ကုန်သွယ်မှုပမာဏမှာ တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၇ သိန်းဝန်းကျင်လောက်သာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်တွင်လည်း တိုက်ပွဲမဖြစ်ပွားမီကာလအတွင်း တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် ကုန်သွယ်မှုပမာဏ အမေရိဒေါ်လာ ၁ ဒဿမ ၂ သန်းဝန်းကျင်ရှိရာ တိုက်ပွဲစတင်ဖြစ်ပွားသည့် နေ့မှစ၍ ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၅ သိန်းဝန်းကျင်မှ သြဂုတ် လ ၁၆ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၃ သိန်းဝန်းကျင် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး သြဂုတ်လ ၁၇ ရက်နေ့မှစ၍ လက်ရှိအချိန်အထိ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း ၎င်းကပြောသည်။

“ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆက်သွယ် ရေးလမ်းကြောင်း ပြတ်တောက်မှုဟာဆိုရင် နယ်ခြား
ဒေသဂိတ်တွေထဲမှာ မူဆယ်ဟာ အကြီးဆုံးဖြစ်ပါတယ်။ အဲ့ဒီဒေသရဲ့ ထိခိုက်နစ်နာမှုဟာဆိုရင် ပို့ကုန်၊ သွင်းကုန်
တန်ဖိုးတင် မကပါဘူး။ အခြေခံအဆောက်အအုံ ပိုင်းဖြစ်တဲ့ လမ်းတံတားတွေ ပျက်စီးမှု၊ လူတွေ ထိခိုက်နစ်နာမှုရှိသလို တစ်ဖက်ကလည်း ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့ သယ်ယူပို့ဆောင်ရေးအပိုင်း၊ အထူးသဖြင့် ကုန်ကားသမားတွေ ကားပိုင်ရှင်တွေ ဒါနဲ့ပတ်သက်ပြီး ကုန်တင်ကုန်ချ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အတွက် အားလုံးထိခိုက်နစ်နာမှုတွေ ရှိပါတယ်။”ဟု ဒေါက်တာသန်းမြင့်ကပြောသည်။

ယင်းကဲ့သို့ ကုန်သွယ်မှုပြတ်တောက်ခြင်းကြောင့် CMP အထည်ချပ်လုပ်ငန်းများအတွက် အထည်လိပ်ကုန်ကြမ်း ပြတ်တောက်ခြင်း၊ လူမှုရေးကိစ္စရပ်များ ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်ဟုဆိုသည်။

“မြောက်ပိုင်းမှာ ကုန်သွယ်ရေးတံတား ဖျက်စီးခံရတာနဲ့ ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးကို ထိုက်သင့်
သလောက် ထိခိုက်နစ်နာတဲ့ အနေအထားတွေ ရှိပါတယ်။ ယာယီတံတားကို ၅ ရက်အတွင်း တည်ဆောက်ပြီးစီးပြီ ဖြစ်ပေမယ့် ခံနိုင်ဝန်အားက ခါတိုင်းလို ကုန်ကားကြီးတွေ တက်နိုင်တဲ့ အနေအထားမရှိပါဘူး။ စီးပွားရေး၊ စီမံကိန်း၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းသလို တစ်ဖက်က မနှောင့်ယှက်အောင် ညှိနှိုင်းပြောဆိုပြီးမှ လမ်းကြောင်းတွေ ဖွင့်အောင် တက်နိုင်သလောက် ကြိုးစားရမှာဖြစ်ပါတယ်။”ဟု နိုင်ငံတော် ဒုတိယသမ္မ္မတ ၁ ဦးမြင့်ဆွေက ပြောသည်။

နိုင်ငံတော်ပိုင်းအနေဖြင့် တက်နိုင်သမျှ ဝိုင်းဝန်း ဖြေရှင်းပေးနိုင်သည့်အရာများကို ကြိုးစား ပေးသွားမည်ဖြစ်ပြီး တချို့ကိစ္စရပ်များသည် ညှိနှိုင်းနေသည့် ကာလဖြစ်သောကြောင့် အဆင်ပြေခြင်း မပြေခြင်းကို မပြောနိုင်သေးကြောင်းနှင့် မိမိတို့အနေဖြင့် အတက်နိုင်ဆုံး အဆင်ပြေအောင် ညှိနှိုင်းနေသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ AA၊ TNLA၊ MNDAA မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

Leave a Reply