နယ်စပ်ရှိ ကုန်စည်ဒိုင်များကို အတွင်းဖက်သို့ ပြောင်းရွှေ့ရန် စီး/ကူး စဉ်းစားနေ

0
105

သြဂုတ် ၂၈
ဝေဝေဖြိုး

မြန်မာ့ကုန်ပစ္စည်းများ ဈေးနှိမ်ခြင်းကို ကာကွယ်ရန် အတွက် တရုတ်-မြန်မာနယ်စပ်မြို့များရှိ သစ်သီးဝလံ ကုန်စည်ဒိုင်များကို နောက်ဆုတ်၍ နိုင်ငံအတွင်းဘက်သို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။

ယခုလ ၂၇ ရက်က ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ပြုလုပ်သည့် သစ်သီးဝလံများ ပြည်ပဈေးကွက် တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလမ်းတွေ လုပ်ဖို့က ကျွန်တော်တို့ လုပ်လို့မရဘူး။ ဒါ ပြည်နယ်၊ တိုင်းအစိုးရ တခြားဌာနတွေ ဖြစ်နေတယ်။ အဲ့တော့ ကော်မတီဖွဲ့ပြီးတော့ အတူတူညှိနှိုင်းပြီးတော့ လမ်းကြောင်း ထပ်ရှာရမှာပေါ့။ မဟာဗျူဟာတွေတော့ တည်ဆောက်ရမှာပေါ့။ ဥပမာ အခုဆိုရင် ချင်းရွှေဟော်နဲ့ မူဆယ်ဆိုရင် တစ်လမ်းတည်းကနေ သိန်းနီရောက်မှ ခွဲသွားတာတွေ ချည်းပဲလေ။ အဲ့ဟာကို ကုန်စည်ဒိုင်တွေကို သူတို့အနှိမ်မခံရအောင် နောက်ပိုင်း တရားဝင် ပို့လို့ရတဲ့ ပစ္စည်းတွေ ဆိုရင် နောက်ကို ဆုတ်ထားရင် ကျွန်တော်တို့အတွက် save ဖြစ်တာပေါ့။ နယ်စပ်ကျမှ မ၀ယ်နဲ့၊ သိန်းနီတက်ဝယ်လိုက်၊ မ၀ယ်ရင် ကျွန်တော်တို့ ချင်းရွှေဟော် ပို့မယ်။ ကိုယ့်မှာ ရွေးချယ်စရာ ရှိသွားတယ်။ ဟိုရောက်သွားရင် ရွေးချယ်စရာလမ်း မရှိတော့ဘူး။ ဂိတ်ဆုံးသွားပြီလေ။ ပြန်လာလို့လည်း မဖြစ်တော့ဘူး။ အဲ့လိုပုံစံ မဖြစ်အောင် ဒိုင်တွေကို နောက်ပိုင်း နောက်ကို ဆွဲထုတ်ဖို့ စဉ်းစားနေတယ်။”ဟု ၎င်းကပြောသည်။

ထို့ပြင် ကုန်စည်ဒိုင်များတွင် ကုန်စည်ပြပွဲကြီးများ ကျင်းပခြင်းကိုလည်း နောက်ပိုင်း၌ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် လုပ်ဆောင်မည် မဟုတ်ပဲ လာရှိုးကဲ့သို့သော အတွင်းပိုင်း မြို့များတွင် ပြောင်းရွှေ့လုပ်ဆောင်သွားရန် ရှိသည်ဟုဆိုသည်။

“အရင်က နယ်စပ်ကုန်စည်ပြပွဲတွေ အကုန်လုံးက နယ်စပ်မှာ သွားလုပ်တယ်။ နယ်စပ်သွားလုပ်တော့ ကျွန်တော်တို့ဘက်မှာ ဘာမှ မပြည့်စုံဘူး။ ကျွန်တော်တို့ ဘက်က လူတွေကလည်း ဟိုဘက်မှာ ထမင်းသွား စားတယ်၊ ဟိုဘက်မှာ အိပ်တယ်။ မနက်ကျမှ ကုန်စည်ပြပွဲလာတယ်။ ဟိုဘက်က တရုတ်ကလည်း မနက်ကျမှ ကုန်စည်ပြပွဲ ထလာတယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံအတွက် ဘာမှမကျန်ဘူး။ အခု ၁၁ လပိုင်းမှာ လားရှိုးမှာလုပ်လိုက်တော့ အတွင်းထဲ ရောက်သွားတယ်။ အတွင်းထဲရောက်သွားတော့ နယ်စပ်ကလူ၊ တရုတ်ပြည်က လာတက်မယ့် လူကလည်း လားရှိုးမှာ ညအိပ်ရမယ်၊ စားရမယ်၊ ဒီမှာပဲ ၀ယ်ရပြုရမယ်။ အဲ့တော့ သူ့ပိုက်ဆံတွေ ကိုယ့်ဆီမှာကျန်ခဲ့မယ်။ တဖြည်းဖြည်းချင်း သူတို့ကို ဆွဲထည့်မှ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်”ဟု ဒေါက်တာသက်လွင်ဦးက ပြောသည်။

ထို့ကြောင့် လာမည့် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲကို မူဆယ်မြို့တွင် ကျင်းပ ပြုလုပ်မည့်အစား လားရိုးမြို့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိသော မူဆယ်နယ်စပ် ကုန်သွယ်ရေး ဇုန်တွင် ရှမ်းပြည်မြောက်ပိုင်းဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကုန်သွယ်မှု ပြတ်တောက် လျက်ရှိခြင်း၊ တရုတ်နိုင်ငံ၏ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး စီမံချက်ကြောင့် ပြည်တွင်း ပို့ကုန်များ တရုတ်နိုင်ငံသို့ မတင်ပို့နိုင်သဖြင့် မြန်မာကုန်သည်များ၊ တောင်သူကြီးများ ထိခိုက် နစ်နာလျက်ရှိကြောင်း သိရသည်။

Leave a Reply