အချုပ်သားတစ်ဦး သေဆုံးမှုကြောင့် ရဲ (၅) ဦးကို တရားရုံးတင် စစ်ဆေးမည်

0
161

မန္တလေး၊ ဇန်နဝါရီ ၂၃၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်ရှိ စဥ့်ကိုင်မြို့မရဲစခန်းတွင် ချုပ်ထားသည့် အချုပ်သား သေဆုံးမှုကြောင့် ရဲတပ်ဖွဲ့ဝင် (၅) ဦးကို ဒီဇင်ဘာလ ၁၈ ရက်နေ့က လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိရာ မကြာခင်မှာ တရားရုံးတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

စဥ့်ကိုင်မြို့နယ် စွန်ရဲရွာနေသူ အသက် (၅၂) နှစ်အရွယ် ဦးရဲအောင်သည် ဧပြီလ ၂၈ ရက်နေ့က ကလေးငယ်တစ်ဦးကို မုဒိမ်းပြုကျင့်မိသည့်အတွက် ပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ဖမ်းစီးထားစဉ် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သည့်အတွက် ရိုက်နှက်ခဲ့သည်ဆိုသော ရဲတပ်ဖွဲ့ဝင် (၅) ဦးကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ခု တရားခံသေဆုံးမှုမှာ အနီးစပ်ဆုံးပါဝင်တဲ့ သူတွေကို တရားရုံးစွဲ တင်သွားမယ် ။ ဘာပုဒ်မနဲ့ စွဲတင်ရမလဲဆိုတာ ဥပဒေအကြံတောင်း ထားတုန်းရှိသေးတယ် ။ ဥပဒေအကြံတောင်းထွက်မှာ သိရမှာပါ ။´´ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းစီးခံထားရသည့် ဦးရဲအောင် သည် မေလ ၃ ရက်နေ့ က သွေးအန်သည့်အတွက် စဥ့်ကိုင်ဆေးရုံသို့ တင်ပို့ခဲ့ပြီး သက်သာခြင်း မရှိသည့်အတွက် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး သို့ လွှဲပြောင်းခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အချုပ်သားသေဆုံးရခြင်းနှင့်ပတ်သက်၍ မှုခင်းဆရာဝန်ဖြင့် စစ်ဆေးကြည့်ရာ ဦးနှောက်အမှေးအောက် သွေးလျှံခဲပြီး ဦးနှောက်ရောင် ပိညှပ်၍ သေဆုံးခြင်းနှင့် တုံးသောအရာဖြင့်ထိမိခိုက်မိ၍ ရရှိသော ဒဏ်ရာများ ဖြစ်ကြောင်းသိရသည် ။

နိုင်လင်းဦး

Leave a Reply