ရန်ကုန်မြို့ပတ်လိုင်းများ ပြေးဆွဲတော့မည်

0
65

စက်တင်ဘာ ၎
ဝေဝေဖြိုး

ယခုလနောက်ဆုံးပတ်မှစ၍ SCANIA ယာဉ်အမျိုးအစားရန်ကုန်မြို့ပတ်လိုင်းများ မဖြစ်မနေ ပြေးဆွဲရန် တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

ယခုလ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)ရုံးချုပ်အစည်း အဝေးခန်းမ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“မြို့ပတ်ကားလိုင်းနဲ့ ပတ်သက်ပြီး ဒီကားတွေဟာ SCANIA အမျိုးအစားတွေ ဖြစ်ပါတယ်။ ယာဉ်တွေရဲ့အရှည်ကလဲ သာမာန်ယာဉ်တွေထက် ပိုရှည်သလို ဒီနေ့အမျိုးအစားတွေထဲမှာ ဒီကားက ထိပ်တန်းအမျိုးစားတွေထဲက ဖြစ်ပါတယ်။
ဒီကားတွေကိုပြေးဆွဲမယ့် ကုမ္ပဏီကလဲ ဒီကားကြီးတွေအတွက် သူတို့ ယာဉ်ရပ်ကွင်း တည်ဆောက်တယ် ။ သူတို့ယာဉ်တွေကို လမ်းပေါ်မှာ မထားနိုင်ဘူး ၊ လာစစ်တယ် ဒီမှာလုပ်ရင်းနဲ့ မိုးကတအားရွာတော့ ဒါက ကြန့်ကြာသွားတဲ့အတွက် တဖက်က ကုမ္ပဏီလဲ အရမ်းအခက်အခဲ ဖြစ်ပါတယ်။
ကုမ္ပဏီကလဲ ဒီလနောက်ဆုံးပတ်မှာ ပြေးဆွဲမယ်လို့ တင်ပြသလို ကျွန်တော်တို့ဘက်ကလဲ မဖြစ်မနေ ပြေးဆွဲရန် တိုက်တွန်းထားပြီးဖြစ်ပါတယ်။”ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ပတ်လိုင်းပြေးဆွဲမည့် City Transit ကုမ္ပဏီအနေဖြင့် ယာဉ်များပြေးဆွဲနိုင်ရန်အတွက် သြဂုတ်လထဲတွင် လမ်းကြောင်းစစ်ဆေးမှုများကို အဆိုပါယာဉ်များနှင့် ဆောင်ရွက်ထားပြီး ဖြစ်သည်ဟုဆိုသည်။

အဆိုပါ ယာဉ်များအပေါ်တွင် ခရီးသွားပြည်သူလူထုကို အထောက်အကူပြုမည့် မှတ်တိုင်အသိပေးစနစ် နှင့် အသံစနစ်များကိုလည်း တပြိုင်နက်တည်း တပ်ဆင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည် ဟုဆိုသည်။

“ဒီလနောက်ဆုံးပတ်မှာ ပြေးဆွဲနိုင်အောင် YRTA ဘက်ကလဲ တိုက်တွန်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ကုမ္ပဏီပိုင်းအနေနဲ့ကလဲ ပြီးခဲ့တဲ့လထဲမှာ ယာဉ်လိုင်း လမ်းကြောင်းတွေ စစ်ဆေးပြီးဖြစ်ပါတယ်။”ဟု ဦးလှအောင်ကပြောသည်။

လက်ရှိတွင် ယာဉ်မောင်းများကို သင်တန်းပေး၍ယခုလနောက်ဆုံးပတ်တွင် ပြေးဆွဲနိုင်အောင်လုပ်ဆောင်နေသလို ကားများပေါ်တွင် ပါရှိသည့် facility အရ ခရီးသွားပြည်သူလူထုကို ပံ့ပိုးနိုင်သည့် အတိုင်းအတာထိ ဖြစ်နိုင်အောင် ကုမ္ပဏီအနေဖြင့် GPS သီးခြား တပ်ဆင်ခြင်းများနှင့် တယ်လီမက်တစ်စနစ် တပ်ဆင်ခြင်းများကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

SCANIA ယာဉ်အမျိုးအစား ယာဉ်စီးရေ ၃၉ စီးဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ပြီး အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိ မြို့တစ်ပတ်လုံးကို အသွား အပြန် ၁၀၀၀ ကျပ် သတ်မှတ်ထားသည်။

“အဓိကတော့ မြို့ပတ်လိုင်းဆိုတဲ့အတွက် အောင်မင်္ဂလာအဝေးပြေးကနေ သံသုမာလမ်းဘက်ကနေ စပြီး ပတ်ပါမယ်။ ဗိုလ်တထောင် ဘက်ကိုရောက်ပြီးရင် ကြည့်မြင့်ဘက်ကနေ ပြန်ဆင်ပြီး အောင်မင်္ဂလာ အဝေးပြေးကို ပြန်ဝင်ပါမယ်။ အပြင်ပတ်လမ်းကြီး တစ်လျှောက်လုံးကို ဧရိယာ ၂ ပိုင်းပိုင်းပြီး ဆွဲပေးပါမယ်။ ယာဉ်စီးခ တွေက အောင်မင်္ဂလာအဝေးပြေးကနေ သခင်မြပန်းခြံအထိ ဘယ်ကိုစီးစီး ၅၀၀ သတ်မှတ်ထားတယ်။ပြန်ပတ်ဝင်တဲ့လိုင်းမှာလဲ ၅၀၀ သတ်မှတ်ထားပါတယ်”ဟု၎င်းက ဆိုသည်

ကုမ္ပဏီအနေဖြင့် ယာဉ်စီးရေ ၃၉စီးနှင့် ပြေးဆွဲမည်ဟု တင်ထားသော်လည်း လိုအပ်ချက်ပေါ်မူတည်ပြီး ဆောင်ရွက်မည့် အနေအထားမျိုး တွေ့ရသည်ဟုဆိုသည်။

လက်ရှိ အစိုးရလက်ထက်တွင် မထသ စနစ်ကို ရပ်ဆဲပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ရာ လက်ရှိအချိန်တွင် ယာဉ်နံပါတ် ပေးထားသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိကာပြေးဆွဲ လမ်းကြောင်းပေါင်း ၁၃၀ ကျော်မှ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၃၀၀ ၀န်းကျင်ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

Leave a Reply