ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် အချက် ၅ ချက်ချမှတ်

0
29

စက်တင်ဘာ ၅
ဝေဝေဖြိုး

လက်တလော ဈေးကွက်အတွင်း အကြောင်းအမျိုးအမျိုး ကြောင့် မြင့်တက်လာသော ရွှေဈေးနှုန်း တည်ငြိမ် စေရေးအတွက် အချက် ၅ ချက် ချမှတ် သဘောတူညီခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။

ယခုလ ၄ ရက်က ရွှေဘုံသာ အောက်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဈေးကွက် ပပျောက် မသွားဖို့ ဝိုင်းထိန်းရမယ် ။ အမှုဆောင်အဖွဲ့ရော အသင်းသူအသင်းသားရော ပုံရိပ်မကျရေး ဝိုင်းဝန်ဆွေးနွေးကြဖို့အတွက် ဒီနေ့ အစည်းအဝေးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။ ရွှေဈေးနှုန်း တည်ငြိမ်ရေး အတွက် ဖော်ဆောင်မယ့် ဆုံးဖြတ်ချက် ၅ ချက် ချမှတ်သွားမယ် “ဟု ၎င်းကပြောသည်။

ယင်းအစည်းအဝေးတွင် ရွှေထိ ၊ငွေထိ ၊ရွှေမြန်၊ငွေမြန် ရောင်းဝယ်လုပ်ဆောင်ခြင်း ၊ ကြိုရောင်းကြိုဝယ် လုပ်ဆောင်ခြင်း မပြုလုပ်ရန် ၊ အသင်းဂုဏ် သိက္ခာ ကျဆင်းအောင် ပြုလုပ်သည့် အသင်းသူ၊အသင်းသား များကို စည်းမျဉ်းစည်းကမ်းအရ အသင်းမှ ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ခြင်း ၊ ဝိတ်တန်းလျော့ ဝယ်ကြရန် နှင့် ဌာနဆိုင်ရာများ ၊သတင်းမီဒီယာများ သတင်းအချက်အလက် ရယူလိုပါက အသင်းရုံးခန်းတွင် အစဉ်အမြဲ သတင်းရယူရန် စသည့် အချက် ( ၅ ) ကို ဆုံးဖြတ် သဘောတူညီခဲ့ကြသည်။

“ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့ လုပ်ငန်းရှင်တွေကို သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေ အတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး ရွှေထိ၊ငွေထိ ရွှေမြန်၊ငွေမြန် ရောင်းဝယ်ခြင်းကို မလိုက်နာရင်လဲ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးဝင်းမြင့်ကပြောသည်။

ရွှေဈေးကွက်အတွင်း၌ ဘဏ်ဂယက်ရိုက်ခိုက်မှုများ ၊ ရွှေကုန်ပစ္စည်း ရှားပါးလာခြင်းများ ၊ အမေရိကန် တရုတ် အရေးကိစ္စများ ၊ ဟောင်ကောင် ဆန္ဒပြခြင်း စသည့် အကြောင်းအရာများ စုပြုံလာခြင်းကြောင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည့် အနေအထားဖြစ်သည်ဟုဆိုသည်။

ယင်းအခြေအနေများကြောင့် ရွှေဝယ်ယူမှုတွင်အပိုင်းများ ရောင်းဝယ်မှု သိသာစွာ မြင့်တက်လာပြီး ယခင် အပိုင်း ၁ ပိဿာ ရောင်းရသည့် အခြေအနေတွင် ယခုအခါ အပိုင်း ၂ ပိဿာ ထိ ရောင်းချရသည့် အခြေအနေများရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ လောလောဆယ် ၀ိတ်တန်းလျှော့တဲ့ အနေနဲ့ပဲ ထိန်းသိမ်းလို့ ရပါတယ်။ အရင်တုန်းကဆိုရင် ၁၀ ပိုင်းပေါ့ ၁ ပိဿယူမယ်။ အခု ဒီနေ့ကနေ စပြီးတော့ အပိုင်း ၃ ပိုင်းပဲ ၀ယ်။ အဲ့ဒါဆိုရင် ဆိုင်အားလုံးလည်း တစ်ညီတစ်ညာထဲ ရသွားမယ်။ အပြင်က ကုန်သည်အားလုံးလည်း တစ်ညီတစ်ညာထဲ ရသွားမယ်။ ဒီနည်းနဲ့ပဲ ကျွန်တော်တို့ ထိန်းပေးမယ့် အစီစဉ်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လတို့တွင် ကျပ် ၁၀ သိန်းကျော် ၁၁ သိန်းဝန်းကျင်တွင် ရှိနေရာမှ သြဂုတ်လဆန်းပိုင်းမှ စတင်၍ တဖြေးဖြေး မြင့်တက် လာခဲ့ရာ စက်တင်ဘာလ ၄ ရက်တွင် ကျပ် ၁၂ သိန်း ၈ သောင်းကျော်ထိ အရှိန်ဖြင့် မြင့်တက်လာခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဗဟိုဘဏ်ဂယက်များ၊ ဒေါ်လာဈေး မြင့်တက်မှုနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုများကြောင့် မြန်မာ့ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းဝန်းကျင်သို့ စံချိန်တင် ရောက်ရှိလာကြောင်း ဈေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။

Leave a Reply