ဂျပန်သို့ မြန်မာ့ ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်း အမျိုးအစား ၄၅၀ ခန့် တင်ပို့နေ

0
100

စက်တင်ဘာ ၅
ဝေဝေဖြိုး

ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် Taw Win Myint Ruby Trading Co., Ltd. နှင့် ချိတ်ဆက်၍ မြန်မာ့ ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်း အမျိုးအစား ၄၅၀ ခန့်ကို ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“အဲ့ဒီ ၄၅၀ က ပြည်တွင်းကနေ ဂျပန်ကိုပို့တာ၊ လက်စွပ်လေးတွေ၊ နဂါးရုပ်လေးတွေ၊ ကျားရုပ်လေးတွေ၊ တရုတ်အယူအဆ၊ ဂျပန် အယူအဆ။ မြန်မာမှာလည်း ရှိပါတယ်။ ဂြိုဟ်ပြေ နာမ်ပြေ ၀တ်တာလေးတွေ၊ တင်ပို့နေတာပါ” ဟု ၎င်းကပြောသည်။

မြန်မာ့ ကျောက်မျက်ရတနာ ရွှေထည်ပစ္စည်း အမျိုးအစား ၄၅၀ ခန့်ကို ပြီးခဲ့သည့် ဇူလိုင်လမှ စတင်၍ တင်ပို့နေခြင်းဖြစ်ပြီး သြဂုတ်လအတွင်းကလည်း ဒုတိယအကြိမ် တင်ပို့ပြီးဖြစ်သည်ဟုဆိုသည်။

ဂျပန်နိုင်ငံမှ မြန်မာ့ ကျောက်မျက်များ ၀ယ်ယူခြင်းသည် လက်မှုပညာထက် ဈေးနှုန်း နည်းပါးသောကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျပ် ၂၅၀၀၊ ၃၀၀၀ တန် ကျောက်ကို လက်စွပ်ကွင်းလိုက်ပါက ဂျပန်နိုင်ငံတွင် ဒေါ်လာ ၅၀ မှ ၁၀၀ ကြား ရရှိကြောင်း သိရသည်။

“သူတို့က ထွက်သလောက်ယူမယ့်သဘော ပြောတာ။ မှာတာများတယ်။ ဒီက လုပ်မပေးနိုင်တာ။ ကျွန်တော်တို့ဒီလမ်းဘေးမှာရှိတဲ့ ဟာလေးတွေ၊ ပတ္တမြားအရိုင်းပေါ့၊ အညံ့စားပေါ့။ အဲ့ဒါကို နဂါးရုပ်လေးတွေ စသဖြင့် အရုပ်လေးတွေ လုပ်တာပေါ့။ ကျောက်စိမ်းဆိုရင်လည်း ကျောက်စိမ်း အကာလေးတွေပေါ့။ လက်ဝတ်တန်ဆာ လုပ်ပြီး ရောင်းတာ။ ဈေးလည်းနည်းတော့ ဟိုဘက်က အမှတ်တရ ပစ္စည်း အနေနဲ့ ၀ယ်ကြတာပေါ့”ဟု ဦးမျိုးမြင့်ကပြောသည်။

ထို့ပြင် ရွှေဈေးနှုန်းတည်ငြိမ်စေရန်အတွက်လည်း ရွှေကို ကုန်စည်တစ်ခုအနေနှင့် တင်သွင်း၊ တင်ပို့ခွင့်ကို ပြုလုပ်သင့်သည်ဟုဆိုသည်။

လက်ရှိတွင် ပြည်တွင်း၌ ရွှေများ ရှားပါးလာခြင်းမှာ ဆိုရှယ်လစ်ခေတ်ကတည်းက အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ ယခုချိန်ထိ ထွက်ရှိနေခြင်း၊ ရွှေလုပ်ကွက်များကို အစိုးရမှ ကမ္ဘာ့အဆင့်မီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း အစရှိသည့် EITI အချက်အလက်များနှင့် အညီ လုပ်ကိုင်ခွင့်များ ချထားပေးခြင်း၊ စီစစ်ခြင်းတို့ ကြောင့်လည်း ရွှေတွင်းတူးသည့် လုပ်ငန်းရှင် တော်တော်များများ ရပ်ထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

လက်ရှိအချိန်သည် စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေပိုငွေလျှံ ရှိသူများအနေနှင့် ဘဏ်၌ ပိုက်ဆံသွား အပ်လျှင် ၁ ဒသမ ၂ ရာခိုင်နှုန်းသာ လစဉ်အတိုး ရနိုင်သော်လည်း ရွှေဝယ်စုပြီး အရောင်း၊ အ၀ယ် ပြုလုပ်မည်ဆိုပါက ၆ ဒသမ ၅ ရာခိုင်နှုန်း အထိ အမြတ်ရှိနိုင်သောကြောင့် ရွှေဖက်သို့ လူအများ စိတ်ဝင်စား၍ အတုံးအခဲလေးများ အ၀ယ်များကာ ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply