(NCA) စာချုပ်တွင် မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လတ်မှတ်ရေးထိုးမည်

0
169

နေပြည်တော် ၊ ဇန်န၀ါရီ ၂၃ ၊ ၂၀၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ပါဝင်လတ်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်မတို့ဟာ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုလို့ရှိရင် အတူသွားရမှာဖြစ်ပါ တယ်။ တဆင့်ပြီးတဆင့်သွားရမယ်။ အဆင့်တိုင်းအဆင့်တိုင်းဟာလည်း ကျွန်မတို့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ ကျွန်မတို့ရဲ့ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက်ပြည်ထောင်စုတစ်ခုမှာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက်ကူညီပေးတဲ့ ကျွန်မတို့ တိုင်းရင်းသား ညီအကိုမောင်နှမများ၊ မွန်တိုင်းရင်းသားများ၊ လားဟူ တိုင်းရင်းသားများကို အင်မတန်မှကျေးဇူးတင်ပါတယ်။ ဒါဟာကျွန်မတို့ အတွက် မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့နောင်လာနောက်သား အားလုံး ကောင်းဖို့အတွက် ခြေလှမ်းနေတဲ့ခြေလှမ်းအတွက် အခြေခံတယ်လို့ ကျွန်မတို့ယုံကြည်ပါတယ် ဒါကြောင့်မို့လို့ အခုကျွန်မတို့နဲ့အတူ ပြည်ထောင်စုသားအားလုံးကလည်း ၀မ်းမြောက်နေမယ် ဂုဏ်ယူလိမ့်မယ်။ ကျွန်မတို့ရဲ့နိုင်ငံအတွက် ကူညီမဆမှုကို ကျေးဇူးတင်လိမ့်မယ် ယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုခဲ့သည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ဇန်န၀ါရီလ ၂၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ ခေါင်းဆောင် သောကိုယ်စားလှယ်အဖွဲ့တို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး NCA လက်မှတ်ရေးထိုးနှပ့် ပတ်သက်သည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“ဒီနှစ်ဖွဲ့က မနက်ပိုင်းကလဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တယ်။ အခု နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့ တယ်။ တွေ့တဲ့အခါမှာ လက်မှတ်ထိုးမယ့် ကိစ္စရယ်။ လက်မှတ်ထိုးပြီးရင် ဆက်လုပ်ရမယ့် Process တွေအပေါ်မှာ ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာ နှစ်ဦးနှစ်ဖက် ကျေနပ်အားရမှုရှိတယ်။ ခေါင်းတွေကလည်း တွေ့ပြီးတာနဲ့ ဒီကနေ့မှာပဲ လက်မှတ်ထိုးဖို့ ဆိုတာကို တစ်ခါတည်း သတင်းထုတ်ပြန်တဲ့သဘောပါ”လို့ နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့က ပါဝင် လက်မှတ်ရေးထိုး ထားခဲ့ပြီး အခုအခါ အဖွဲ့ဝင်အသစ်အနေဖြင့် အဖွဲ့ (၂) ထပ်မံ ပါဝင် လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂) ဖွဲ့သည် မနက်ပိုင်းကလည်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply