NYDC ကို ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်အသစ်များနှင့် ပြင်ဆင်ဖွဲ့စည်း

0
94

စက်တင်ဘာ ၆
ဝေဝေဖြိုး

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်းဆုံး အကောင်အထည် ဖော်ရန် တာဝန်ယူထားသည့် NYDC ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် အသစ်များနှင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း NYDC CEO ဦးသိမ်းဝေ၏ အပတ်စဉ်စာစဉ် (၃၀)တွင် ဖော်ပြထားသည်။

NYDC သို့ အသစ်ဝင်ရောက်လာသည့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်သစ်များမှာ ဝန်ကြီးဒေါ်နီလာကျော်အစား ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူမည့် ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် ဝန်ကြီးဦးဟံထွန်းနေရာတွင် ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေ အတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အသစ်တွေရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ရန်ကုန်မြို့သစ် ပထမအဆင့် ဖွံဖြိုးရေးမှာ အများကြီး အထောက်အကူ ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ “ဟု NYDC ၏ CEO ဦးသိမ်းဝေ ကပြောသည်။

ပြီးခဲ့သည့် နှစ်လအတွင်း၌ မြန်မာနိုင်ငံတွင် ကုန်ထုတ်စက်ရုံများ ရွှေ့ပြောင်းတည်ဆောက်ရန် လာရောက်စုံစမ်းသည့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများ အများပြားရှိခဲ့သည်ဟုဆိုသည်။

ယင်းကိစ္စရပ်သည် မိမိတို့အတွက် စီးပွားရေးတိုးတက် ရန်နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ ဗီယက်နမ်နိုင်ငံတို့နှင့် ဆက်လက်ယှဉ်ပြိုင်နိုင်ရန်အတွက် အင်မတန် အရေးကြီးသည့် အခွင့်အရေးကောင်း တစ်ခုဖြစ်သည်ဟုဆိုသည်။

ယင်းနေရာတွင် ကြုံတွေ့နေရသည့် အဓိကပြဿနာမှာ အဆိုပါ ထုတ်ကုန်စက်ရုံများ၏ အစောတလျင် ရွှေ့ပြောင်း လုပ်ကိုင်လိုမှုဖြစ်သည်ဟုဆိုသည်။

ထို့ကြောင့် မိမိတို့အနေနှင့် ယင်းကုန်ထုတ်စက်ရုံ များကိုလည်း နေရာချထားပေးနိုင်ပြီး အခွင့်အရေးကောင်းများ လက်လွတ် မခံရအောင် စက်မှုဇုန် ပထမအသုတ်ကို နိုင်ငံတကာစံနှုန်းများ၊ စည်းမျဉ်းများနှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော် နိုင်အောင် အစီအစဉ်တစ်ခု ရေးဆွဲနိုင်ရန် ပြင်ဆင်နေကြောင်းသိရသည်။

ထို့ပြင် အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍လည်း အချိန်နှင့် တစ်ပြေးညီ ပြောပြပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့သစ်​စီမံကိန်းကို ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ မြေဧက ၂ သောင်းကျော်ပေါ်တွင် ပထမအဆင့် စတင်အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းမှ အလုပ်အကိုင်သစ် ၂ သန်းကိုလည်း ဖော်ဆောင်ပေးမည်ဖြစ်​ကြောင်းသိရသည်။

Leave a Reply