Facebook ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးသစ်လိုမျိုး ဖန်တီးထားတယ်လို့ တရုတ်ဗဟိုဘဏ်ထုတ်ပြော

0
3

စက်တင်ဘာ ၆
နိုင်ငံတကာသတင်း

တရုတ်နိုင်ငံမှာ အဆိုပြုထားတဲ့ဒစ်ဂျစ်တယ်ငွေကြေးဟာ Facebookကအသုံးပြုတော့မယ်လို့ကြေညာထားတဲ့ လစ်ဘရာဒစ်ဂျစ်တယ်ငွေကြေးနဲ့ဆင်တူပြီး WeChatနဲ့Alipayတို့လို အဓိကကျတဲ့ငွေပေးချေရေးပလက်ဖောင်းတွေမှာ အသုံးပြုနိုင်လိမ့်မယ်လို့ တရုတ်ဗဟိုဘဏ်၊ ငွေပေးချေမှုဆိုင်ရာဌာနဒုတိယညွှန်ကြားရေးမှူးမူချန်းချွန်ကပြောပါတယ်။

အဲဒီဒစ်ဂျစ်တယ်ငွေကြေးကို စီးပွားဖြစ်အသုံးပြုမှုချဲထွင်လိုက်လို့ ဖွံ့ဖြိုးအောင်လုပ်နေတာဟာ တရုတ်နိုင်ငံရဲ့နိုင်ငံခြားငွေလဲလှယ်မှုကို အချုပ်အခြာအာဏာရှိလာအောင် ကူညီပေးမယ်လို့လည်း ပြောပါတယ်။

အဲဒီဒစ်ဂျစ်တယ်ငွေကြေးဟာ တရုတ်ဗဟိုဘဏ်ကထုတ်တဲ့ငွေစက္ကူတွေလိုပဲ လုံခြုံစိတ်ချရပြီး အင်တာနက်မရရင်တောင် အသုံးပြုနိုင်မယ်လို့လည်း ပြောပါတယ်။

တရုတ်အစိုးရပိုင် Shanghai Securities Newsသတင်းစာက သောကြာနေ့မှာ မူရဲ့မှတ်ချက်တွေကို ဖော်ပြခဲ့ပါတယ်။

ငွေစက္ကူထုတ်ရင်ကုန်မယ့်စရိတ်ကိုလျှော့ချနိုင်အောင် ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဖို့နဲ့ မူဝါဒချမှတ်သူတွေရဲ့ငွေကြေးထောက်ပံ့မှုကိုထိန်းချုပ်နိုင်မှုပိုအရေးပါလာဖို့ တရုတ်ဗဟိုဘဏ်က ၂၀၁၆ ခုနှစ်မှာ သုတေသနအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်းထုတ်ပြောတာမရှိသလောက်ပေမဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဆင်သင့်ဖြစ်ကာနီးနေပြီလို့ ပြီးခဲ့တဲ့လမှာ မူကထုတ်ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှာ အစောဆုံးအဆင်သင့်ဖြစ်နိုင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးမဂ္ဂဇင်းဖောဘတ်စ်က ဖော်ပြပါတယ်။

ဇွန်မှာ Facebookက ဒစ်ဂျစ်တယ်ငွေကြေးလစ်ဘရာနဲ့ပတ်သက်တဲ့အစီအစဉ်တွေကြေညာခဲ့ပြီးတဲ့နောက် တရုတ်က ဒစ်ဂျစ်တယ်ငွေကြေးအတွက် တွန်းအားအရှိန်မြှင့်လိုက်တာလို့ လေ့လာသူတချို့ကသုံးသပ်ပါတယ်။

တရုတ်ဒစ်ဂျစ်တယ်ငွေကြေးက အမည်မဖော်လိုတဲ့ငွေပေးချေမှုတွေကိုခွင့်ပြုတာနဲ့ ငွေကြေးခဝါချတာတွေကိုတားဆီးတာကြား ချိန်ညှိသွားမယ်လို့ မူကပြောပါတယ်။

လစ်ဘရာနဲ့ဆင်ပေမဲ့ တိုက်ရိုက်ကူးထားတာတော့မဟုတ်ဘူးလို့လည်း ပြောပါတယ်။

လစ်ဘရာဟာ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေမှာ ကြီးစိုးသွားနိုင်သလို Facebookက နယ်မြေအများကြီးကိုဖြတ်ကျော်နိုင်လို့ ငွေကြေးခဝါချတဲ့လမ်းကြောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ကမ္ဘာ့ဘဏ္ဍာရေးထိန်းသိမ်းသူတွေကြားစိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။

လစ်ဘရာကတော့ ဘဏ်အပ်ငွေတွေနဲ့ ကာလတိုအစိုးရလုံခြုံအောင်လုပ်ပေးတာမျိုးလို ပြင်ပပိုင်ဆိုင်မှုတွေကျောထောက်နောက်ခံရှိတဲ့ဒစ်ဂျစ်တယ်ငွေကြေးဖြစ်လာမှာဖြစ်ပြီး ထိန်းသိမ်းတဲ့ကွန်ရက်တစ်ခုလည်းရှိနေမှာပါ။

ယုံကြည်မှုတည်ဆောက်ပြီး ဈေးနှုန်းတည်ငြိမ်အောင်လုပ်ဖို့ ရည်ရွယ်ထားတဲ့လစ်ဘရာဟာ တခြားဒစ်ဂျစ်တယ်ငွေကြေးတွေလိုပဲ ငွေလွှဲပြောင်းမှုတွေကို ကွန်ပြူတာကွန်ရက်တစ်ခုကထိန်းသိမ်းထားတဲ့ငွေပေးချေမှုစာရင်းတွေကိုမျှဝေမယ့် ဘလော့ချိန်းနည်းပညာနဲ့မှတ်တမ်းတင်ပြီး လည်ပတ်မှာပါ။

ဗဟိုဘဏ်တစ်ခုကထုတ်တဲ့ဒစ်ဂျစ်တယ်ငွေကြေးရဲ့ကောင်းကျိုးဟာ WeChatနဲ့Alipayတို့မှာသုံးလို့ရတာတင်မကဘဲ စီးပွားဖြစ်အဖွဲ့အစည်းတစ်ခုကထုတ်တဲ့ငွေဟာ လူမွဲစာရင်းဝင်သွားနိုင်လို့ သုံးတဲ့လူတွေထိခိုက်နစ်နာနိုင်တယ်လို့ မူကပြောပါတယ်။

အင်တာနက်သုံးလို့မရတဲ့အချိန်တွေမှာတောင် ငွေလွှဲနိုင်တဲ့စွမ်းရည်ဟာလည်း ငလျင်လှုပ်လို့ ဆက်သွယ်လို့မရဖြစ်နေတဲ့အချိန်မျိုးမှာတောင် ငွေလွှဲလို့ရနိုင်လိမ့်မယ်လို့လည်းပြောပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-Current Bitcoin News

Leave a Reply