ICCPR စာချုပ်တွင် လက်မှတ်ရေးထိုးရေးကိစ္စ လွှတ်တော်မှာ တင်သွင်းဆွေးနွေးအတည်ပြုခြင်းသည် သမ္မတ က ဆောင်ရွက်ခြင်းမရှိသည့် အတွက် လွှတ်တော်က တိုက်တွန်းပေးသလိုဖြစ်နေဟု တပ်လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

0
11

စက်တင်ဘာ ၁၀
ယဉ်ကေနွယ်

ICCPR စာချုပ်တွင် လက်မှတ်ရေးထိုးရေးကိစ္စကို လွှတ်တော်မှာ တင်သွင်းဆွေးနွေးအတည်ပြုခြင်းသည် နိုင်ငံတော် သမ္မတ က ဆောင်ရွက်ခြင်းမရှိသည့် အတွက် ပြည်သူ့လွှတ်တော်က တိုက်တွန်းပေးရသလို ဖြစ်နေသည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ထောက်ပြပြောဆိုလိုက်သည်။

“ကျွန်တော်တို့ရဲ့ လွှတ်တော်ကြီးရဲ့ ဂုဏ်သိက္ခာကို ရှေးရှုပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အနေနဲ့ ထောက်ပြဆွေးနွေးလိုတာကတော့ အဆိုရှင် တိုက်တွန်းတဲ့ ကိစ္စရပ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၉(က)(ခ) တို့ အရ နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး နိုင်ငံတော် သမ္မတ က ဆောင်ရွက်ခြင်းမရှိလို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းပေးရသလို ဖြစ်နေပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း ကထောက်ပြပြောဆိုခဲ့သည်။

မေလ ၂၁ ရက် နေ့ က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အိမ်မဲမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်သန္တာမှ စစ်မှန်သောဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အလွန်အရေးပါသော အရပ်ဘက်လူထုဆိုင်ရာ ရပိုင်ခွင့်နှင့် နိုင်ငံရေး ဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာ သဘောတူစာချုပ်(ICCPR) ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ရာ ထောက်ခံ သည့်လွှတ်တော်ကိုယ်စားလှယ် ရှိသဖြင့် အဆိုအား ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးတီခွန်မြတ် ကကြေညာခဲ့သည်။

၎င်း အဆိုနှင့် ပတ်သက်၍ ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ဒုတိယဗိုလ်မှူးကြိးမျိုးထက်ဝင်း မှ ဆွေးနွေးရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းစာချုပ်မှာ လက်မှတ်ရေးထိုးရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ မှတ်တမ်းတင်စောင့်ကြည့်ခြင်း စသည်တို့သည် လွှတ်တော်က တာဝန်ခံဆောင်ရွက်ရမည့် ကိစ္စမျိုး မဟုတ်သည့် အတွက် ယခု ကဲ့သို့ မဆောင်ရွက်သင့်ကြောင်း နှင့် ထိုသို့ လုပ်ဆောင်ခြင်းသည် လမ်းကြောင်းလွှဲနေကြောင်း လည်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းကပြောဆိုခဲ့သည်။

ထို့အတူ စာချုပ်များချုပ်ဆိုခြင်း ပါဝင်လက်မှတ်ရေးထိုးခြင်းဆိုင်ရာ ကိစ္စရပ်များသည် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် အစိုးရ ကသာ တာဝန်ခံဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်း ကိစ္စ အပေါ် အတည်ပြုခြင်း အတည်ပြုရန် ငြင်းပယ်ခြင်းမျိုးကိုသာ ပြည်ထောင်စုလွှတ်တော် က လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်း ကထောက်ပြပြောကြားခဲ့သည်။

“ဥပဒေပြုရေး ကဏ္ဍ မှာ လွှတ်တော် အနေနဲ့ နိုင်ငံတော်ကို ကိုယ်စားပြုသော မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိနေရာရရှိသော နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲကို ဖိအားပေးသလိုဖြစ်နေပြီး အစိုးရနှင့် လွှတ်တော် ပွတ်တိုက်မှုများကို ဖြစ်စေနိုင်တယ်လို့ ထောက်ပြဆွေးနွေးလိုပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းကပြောသည်။

ထို့ပြင် ယင်းအဆိုအား ကန့်ကွက်ကြောင်းနှင့် အဆိုရှင် အနေဖြင့် ယခု အဆိုအား ပြန်လည် ရုတ်သိမ်း၍ မေးခွန်း အဖြစ်သာ မေးမြန်းသွားသင့်ကြောင်း ၎င်း က အကြံပြုပြောဆိုခဲ့သည်။

ICCPR စာချုပ်တွင် ယနေ့ အချိန် ထိ နိုင်ငံပေါင်း ၁၇၂ နိုင်ငံ က အဖွဲ့ဝင် အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပြီး တရုတ်နိုင်ငံ အပါအ၀င် ၆ နိုင်ငံက ကနဦး လက်မှတ်ရေးထိုးခြင်းကိုသာ ပြုလုပ်ထားကြောင်း သိရသည်။

၎င်း စာချုပ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ ၁၂ နှစ် ဖိလစ်ပိုင်နိုင်ငံ က နှစ် ၂၀ လာအိုနိုင်ငံက ၉ နှစ် ကြာ အချိန်ယူ လေ့လာပြိးမှသာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Leave a Reply