တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်မြို့အတွင်းလမ်းမီးတိုင်များ အင်တိုက်အားတိုက် တပ်ဆင်မည်

0
11

စက်တင်ဘာ ၁၀
ဝေဝေဖြိုး

စီးပွားရေးမြို့တော်ကြီးဖြစ်သည့် ရန်ကုန်တိုင်းတွင်တရားဥပဒေစိုးမိုးစေရေးအတွက် လမ်းမီးတိုင်များကို အင်တိုက်အားတိုက် တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။

“စီးပွားရေးမြို့တော်ကြီးက အပေါ်ကကြည့်လိုက်ရင် မီးရောင်လေး မလင်းတလဲ့ လင်းတလဲ့နဲ့ ဖြစ်နေတာမျိုး မဖြစ်စေရပါဘူး။ ဒီဟာကို စီးပွားရေးမြို့တော်ဆိုတဲ့ အတိုင်း ပိုပြီး အမြင်ရှင်းအောင်နဲ့ တရားဥပဒေ စိုးမိုးရေးအတွက်လဲ ဒါကိုသေသေချာချာ ဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ လမ်းမီးကို တာဝန်ယူတဲ့ အချိန်ကစပြီးတော့ တွန်းတွန်းတိုက်တိုက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီလမ်းမီးဟာ တရားဥပဒေ စိုးမိုးရေးကို အများကြီး အထောက်အကူပြုပါတယ်။ မှောင်ရိပ်ရှိနေရင် မကောင်းကြံတဲ့သူတွေက ဒီအမှောင်ကို အကာအကွယ်ပြုပြီးတော့ မကောင်းမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် လမ်းမီးကိစ္စကိုလဲ အရေးကြီးကိစ္စအနေနဲ့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောသည်။

လမ်းမီးတိုင်တပ်ဆင်ရေးနှင့်ပတ်သက်၍ ယခင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်က စတင်၍ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းက ပြန်လည် လွှဲယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ တာဝန်ပေးသည့်အတွက် ယခုနှစ် ဖေဖော်ဝါရီ ၂ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ဌာနပေါင်းစုံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းမီးတပ်ဆင်ရေးအတွက် ၁ ဒသမ ၀၈ ဘီလျံ လွှဲအပ်ခဲ့သည်ဟုဆိုသည်။

“အရင်က လမ်းမီးတွေနဲ့ပတ်သက်ရင် မြို့တော်စည်ပင် ကပဲ တာဝန်ယူပါတယ် ။ ကျွန်တော်တို့က တိုင်ရယ် လမ်းမီးကြိုးရယ် လုပ်ပေးရတယ်။ ကျန်တဲ့ လမ်းမီးခတို့ ဘာတို့က မြို့တော်စည်ပင်က တာဝန်ယူ ဆောင်ရွက်ရပါတယ် ။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ လမ်းမီးကျွန်းတဲ့အခါ သက်ဆိုင်ရာစည်ပင်ကို တင်ပြ အကြောင်းကြား ပြီးတော့မှ လာလဲပေးပါဆိုတော့ အဲ့တော့ မြို့နယ်ကနေ အထက်တက် အထက်ကနေ ပြန်လာတဲ့အခါ ဒီလမ်းမီးဟာ တော်တော်နဲ့ မလင်းတော့ဘူး။ အဲ့တာတွေ တော်တော်များများဟာ မြို့နယ်အတွင်းမှာ ဖြစ်တဲ့အတွက်ကို ပြည်ထောင်စု ဝန်ကြီးနဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်က လမ်းမီးနဲ့ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းကပဲ တာဝန်ယူပါဆိုပြီး ကျွန်တော်တို့ကိုတာဝန်ပေးခဲ့ပါတယ်”ဟု ဦးမောင်မောင်လတ်က ပြောသည်။

လမ်းမီးတိုင်တပ်ဆင်မှုနှင့်ပတ်သက်၍ YESC မှ တာဝန်ယူပြီး နောက်ပိုင်း၌ မြို့နယ် ၁၇ မြို့နယ်ရှိ လမ်းပေါင်း ၅၁ လမ်း တွင် တပ်ဆင်သည့် လမ်းမီးလုံး အရေအတွက် LED ၁၅၀ W ၁၈၅၇ လုံး ၊ LED ၁၂၀ W ၂၂၀၇ လုံး ၊ LED ၆၀ W အလုံး ၁၂၀ စသဖြင့် စုစုပေါင်း ၄၃၃၄ လုံးတပ်ဆင်ပြီးဖြစ်သည်။

အဆိုပါ တပ်ဆင်းပြီး မီးလုံးများကိုလည်း ၉၀ ရာခိုင်နှုန်းခန့်ထိကို ဒဂုံ ၄ မြို့နယ် ၊ လှိုင်သာယာ ၊ အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း လမ်း ၊ အနော်ရထာလမ်း ၊မဟာဗန္ဓုလလမ်း နှင့် ပုစွန်တောင်ဘက်တို့တွင် ယခင်ထက် ပို၍ မီးလင်းလာသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

“လမ်းမီးတိုင်တပ်ဆင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အင်တိုက်အားတိုက် လုပ်တဲ့အတွက် လှိုင်သာယာဆိုလဲ အခု ၉၀ ရာခိုင်နှုန်းလောက် လင်းနေပါပြီ။ ဒဂုံမြို့နယ်တွေမှာဆိုလဲ အရင်က မလင်းသေးတဲ့ ဗိုလ်ဗထူးလမ်း ၊ ဒဂုံမြောက်၊ ဒဂုံတောင် တို့မှာလဲ လင်းနေပါပြီ ၊ အနည်းအကျဉ်းပဲ ကျန်တော့ပါတယ် “ဟု ဆိုသည်။

လမ်းမီးတပ်ဆင်ရေးကို ရန်ကုန်မြို့တွင်း downtown ဧရိယာများတွင် ဦးစားပေးဆောင်ရွက်နေရာ အဓိကလမ်းမကြီးများဖြစ်သော ထောက်ကြန့်မှ ရန်ကုန်လာသည့်လမ်းမကြီး ၊အမှတ် ၃ လမ်းမ၊ အနောက်ပိုင်းတက္ကသိုလ် မှ ထန်းတပင်သွားသည့်လမ်းမ ၊ တာမွေ မှ စီးပွားရေးတက္ကသိုလ်ကိုဖြတ်သည့် လမ်းတို့တွင် လမ်းမီးများကို အပြည့်အဝ တိုးချဲ့နေပြီး ဒဂုံမြို့သစ်များနှင့် လှိုင်သာယာတို့ကိုလည်း ဦးစားပေးဆောင်ရွက်ရန် တိုင်းအစိုးရက မူဝါဒ ချပေးထားသည်ဟုဆိုသည်။

ထို့ပြင် ခရိုင် ၄ ခရိုင်လုံး၌ လမ်းမီးများ ထပ်မံ တပ်ဆင်ရန် တင်ဒါခေါ်ထားရာ ယင်းအတွက် ၂ ဘီလျံ ဖိုး ရှိမည်ဖြစ်ပြီး လမ်းမီးပေါင်း LED ၁၅၀ W အလုံး ၂၀၀၀ ၊ ၁၂၀ W အလုံး ၂၀၀၀ နှင့် ၆၀ W အလုံး ၂၀၀၀ စုစုပေါင်း အလုံး ၆၀၀၀ ကို တင်ဒါခေါ်ထားကြောင်း သိရသည်။

လမ်းမီးဓာတ်အားလိုင်း မိုင်ပေါင်းမှာ ၇၁ မိုင်ခန့် လွှဲရမည်ဖြစ်ပြီး ထပ်မံတပ်ဆင်ရမည့် ထရန်စဖော်မာ များကလည်း ၅လုံးခန့်ရှိကြောင်းသိရသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အတွင်း ရန်ကုန်တိုင်းတွင် အကုန်လုံး လမ်းမီး မလင်းသည့် နေရာ မရှိအောင် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လမ်းမီးတိုင်များ တပ်ဆင်ရန် ထပ်လိုပါကလည်း ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။

Leave a Reply