ဘင်လာဒင်ကို ခြေရာခံနိုင်ရေးအကူအညီပေးခဲ့သည့် ဆရာဝန် ပါကစ္စတန်၌ ချုပ်နှောင်ခံထားရဆဲဖြစ်

0
180

ပက်ရှ်ဝါ ဇန်နဝါရီ ၂၄

နေဗီဆီးလ်အမေရိကန်ရေတပ်အထူးတပ်ဖွဲ့ဝင်များက အယ်လ်ခိုင်ဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်အား ခြေရာခံပြီး သတ်ဖြတ်နိုင်အောင် ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ဖြင့် အကူအညီပေးခဲ့သည့် ပါကစ္စတန် ဆရာဝန် ရှာကီးလ်အဖရီဒီကို ပါကစ္စတန်အာဏာပိုင်များက ၂၀၁၁ ခုနှစ်
ကတည်းက ချုပ်နှောင်ထားခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့သူကို ခြေရာခံရာတွင် အကူအညီပေးခဲ့သူတစ်ဦးကို ပါကစ္စတန်က ချုပ်နှောင် ထားသည့်အတွက် အမေရိကန်နိုင်ငံသားများက အံ့သြခဲ့သည်။ သို့သော် ပါကစ္စတန်နိုင်ငံသားများကမူ အမေရိကန်အထူးတပ်ဖွဲ့က ပါကစ္စတန် ပိုင်နက်အတွင်း ဝင်ရောက်စီးနင်းမှုကြောင့် ပါကစ္စတန် ထောက်လှမ်းရေး နှင့် စစ်ဘက်ဆိုင်ရာတို့ အရှက်ကွဲခဲ့ရပြီး ပါကစ္စတန်၏ နယ်မြေပိုင်နက် ဆိုင်ရာ အချုပ်အခြာအာဏာထိပါးခဲ့ရခဲ့သည့်အတွက် နာကျည်းစရာ ကောင်းကြောင်း ယူဆထားသည်။

ရှာကီးလ်အဖရီဒီဖြစ်ရပ်သည် ပါကစ္စတန်နှင့် အမေရိကန်ကြား ဆက်ဆံရေးကိုဖော်ပြနေကြောင်း၊ နှစ်နိုင်ငံကြား အပြန်အလှန် မယုံကြည်မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ဆောင်မှုများ အားနည်းသွားနိုင်ကြောင်း ဝါရှင်တန်ရှိ ဝူဒရိုးဝီလ်ဆင်ဌာနမှ အာရှ ဆိုင်ရာ ဌာနခွဲဒုတိယအကြီးအကဲ မိုက်ကယ်ကူဂယ်မန်းက ပြောဆို ခဲ့သည်။

သမ္မတအဖြစ် ရွေးကောက်ခံရပါက အဖရီဒီ ချက်ချင်းလွတ်မြောက်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း လက်ရှိသမ္မတဒေါ်နယ်ထရမ့်က ၂၀၁၆ ခုနှစ် ဧပြီတွင်ပြောဆိုခဲ့သည်။ ပါကစ္စတန်ကမူ အဖရီဒီကိစ္စသည် ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း မှတ်ယူထားသည်။

အဖရီဒီသည် ၂၀၁၂ ခုနှစ်ကတည်းက ၎င်း၏ရှေ့နေနှင့်တွေ့ခွင့်မရခဲ့ချေ။ ဇနီးနှင့်သားသမီးများကသာ ၎င်းကိုသွားရောက်တွေ့ဆုံခဲ့သည်။ နှစ်နှစ်တာ ကာလအတွင်း အဖရီဒီနှင့်ပတ်သက်သော မှတ်တမ်းများ ပျောက်ဆုံး ခဲ့သောကြောင့် တရားရုံးသို့ အယူခံဝင်မှုလည်း နှောင့်နှေး ခဲ့ရသည်။ အဖရီဒီအမှုကိုကိုင်တွယ်မည့် ဥပဒေအရာရှိမရှိသေးကြောင်း တရားရုံးကပြောဆိုခဲ့သည်ဟု အဖရီဒီ၏ရှေ့နေ ကမာနာဒင်းအဖရီဒီက ပြောဆိုခဲ့သည်။

အဖရီဒီ၏အခြားရှေ့နေတစ်ဦးသည်လည်း ပက်ရှ်ဝါရှိ နေအိမ် အပြင် ဘက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီးဖြစ်သည်။ အဖရီဒီအရေး အတွက် လှုပ်ရှားခဲ့သည့် ပက်ရှ်ဝါအကျဉ်းထောင်အရာရှိ တစ်ဦးသည် လည်း ပစ်သတ်ခံခဲ့ရပြီးဖြစ်ကြောင်း နာဒင်းကပြောဆိုခဲ့သည်။

အဖရီဒီသည် ဘင်လာဒင်မိသားစု၏မျိုးဗီဇနမူနာကိုရယူနိုင်ရေးအတွက် အသည်းရောဂါကာကွယ်ဆေးထိုးနှံသူတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်။ အဖရီဒီအား ပါကစ္စတန်အစိုးဂက ဘင်လာဒင်လုပ်ကြံမှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခဲ့ခြင်းမဟုတ်ချေ။

အဖရီဒီသည် မျိုးနွယ်စုများနေထိုင်ရာ ခိုင်ဘာဒေသရှိ စစ်သွေးကြွများကို အကူအညီပေးမှုဖြင့် မျိုးနွယ်စုဆိုင်ရာဥပဒေဖြင့် စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။ မျိုးနွယ်စုဆိုင်ရာဥပဒေအရ အဖရီဒီသည် တံခါးပိတ်စစ်ဆေး မေးမြန်းခံရ မည် ဖြစ်ပြီး အယူခံဝင်မှုအကြိမ်ကိုလည်း ကန့်သတ်ခံရမည်ဖြစ်ကြောင်း နာဒင်းကပြောဆိုခဲ့သည်။

AP

ရိုးမြေ

Leave a Reply