ျပည္သူ႔စစ္မ်ား ထားရွိမႈ လႊတ္ေတာ္အမတ္ေမးခြန္ထုတ္

0
5

စက္တင္ဘာ ၁၁
ယဥ္ေကႏြယ္

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အတြင္းရွိ ေက်းရြာမ်ားတြင္ ျပည္သူ႔စစ္မ်ားကို မည္သည့္ အတြက္ေၾကာင့္ ထားရွိၿပီး ျပည္သူ႔ စစ္မ်ား၏ လုပ္ေဆာင္ခ်က္မ်ားနွင့္ ျပည္သူ႔စစ္အဖြဲ႔မ်ားကို မည္သည့္ ဌာနအဖြဲ႔အစည္းက တာ၀န္ခံမည္ကို သိလိုေၾကာင္း ေပါင္မဲဆႏၵနယ္မွ ကိုယ္စားလွယ္ ေဒၚမိကြန္ခ်မ္း က ယေန႔ ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းတြင္ ေမးျမန္းခဲ့သည္။

“ၿငိမ္းခ်မ္းတဲ့ နယ္ေျမေတြမွာ လည္း ျပည္သူ႔စစ္ေတြ ဆက္လက္ရွိေနသလို ရဲစခန္းေတြရွိတဲ့ ေက်းရြာေတြမွာ လည္း ျပည္သူ႔ စစ္တပ္ဖြဲ႔ေတြ တြဲၿပီးထားတာကိုလည္း ေတြ႔ရွိရပါတယ္”ဟု ေဒၚမိကြန္ခ်မ္းမွ ေမးခြန္းေမးျမန္းရာတြင္ ထည့္သြင္းေမးျမန္းခဲ့သည္။

ထိုသို႔ ျပည္သူမ်ားႏွင့္ အတူ အလြန္နီးကပ္စြာေနထိုင္ရသည့္ ျပည္သူ႔စစ္အဖြဲ႔မ်ားအား လက္နက္ ၊အာဏာ ႏွင့္ လုပ္ပိုင္ခြင့္မ်ားေပးထားမည္ဆိုပါက အခ်ိန္အခါ မေရြး ပဋိပကၡမ်ား ျဖစ္ေပၚလာနိုင္ေစေၾကာင္း ထို႔ျပင္ အာဏာ အလႊဲသံုးစားမႈမ်ားလုပ္လာနိုင္ေၾကာင္းလည္း ေဒၚမိကြန္ခ်မ္းမွ ေျပာၾကားခဲ့သည္။

ေဒၚမိကြန္ခ်မ္း၏ ေမးျမန္းမႈ အေပၚ ကာကြယ္ေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး ဗိုလ္ခ်ဳပ္ ျမင့္ႏြယ္မွ ျပည္တြင္းလက္နက္ကိုင္ေသာင္းက်န္းမႈ အႏၱရာယ္ကို ေခ်မႈန္းနိုင္ေရးအတြက္ ေရတိုေရရွည္ ရည္မွန္းခ်က္ အရ ဖြဲ႔စည္းထားျခင္း ျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

“ေရရွည္တြင္ ျပည္သူ တစ္ရပ္လံုးက မိမိနိုင္ငံကို ကာကြယ္ေစာင့္ေရွာက္သည့္ ျပည္သူ႔စစ္ဗ်ဴဟာ အစီအမံ၏ အစိတ္အပိုင္း အျဖစ္ ပါ၀င္ေဆာင္ရြက္နိုင္မည့္ ျပည္သူ႔စစ္ဌာေန အဖြဲ႔အစည္း မ်ားအျဖစ္ ဖြဲ႔စည္းထားရွိျခင္းပဲ ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ ျမင့္ႏြယ္ ကေျပာသည္။

ထိုသို႔ ဖြဲ႔စည္းထားသည့္ ျပည္သူ႔စစ္ အဖြဲ႔မ်ားသည္ တပ္မေတာ္ ၾကည္း၊ေရ၊ေလ တပ္ရင္းတပ္ဖြဲ႔မ်ားမွ ဖြဲ႔စည္းေရး၊ေလ့က်င့္ေရး၊ လက္နက္တပ္ဆင္ေရး ႏွင့္ တာ၀န္ခြဲေ၀ေရး အပိုင္းတို႔ကိုလည္း တာ၀န္ယူေဆာင္ရြက္လ်က္ရွိၿပီး သက္ဆုိင္ရာ စစ္ဌာနခ်ဳပ္ရံုးမ်ားမွ ၎ တို႔ နယ္ေျမ၌ ဖြဲ႔စည္းထားသည့္ ျပည္သူ႔ စစ္အဖြဲ႔မ်ားအား ႀကီးၾကပ္ကြပ္ကဲ၍ တစ္နိုင္ငံလံုး အတိုင္းအတာျဖင့္ ျပည္သူ႔စစ္နယ္ျခား တပ္မ်ား ညႊန္ၾကားေရးမွဴးရံုးမွ ႀကီးၾကပ္ကြပ္ကဲလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္သူ႔စစ္မ်ားသည္ အရပ္သားမ်ား ျဖစ္သည့္ အတြက္ အမႈအခင္းမ်ားျဖစ္ေပၚလာၿပီဆိုပါက အရပ္ဘက္ နယ္ဘက္ ဥပေဒ ျဖင့္ သာ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ ျမင့္ႏြယ္ကေျပာသည္။

ျမန္မာတစ္နိုင္ငံလံုးတြင္ လက္ရွိ ျပည္သူ႔စစ္အဖြဲ႔ေပါင္း ၆၀၅၀ ဖြဲ႔ရွိၿပိး တစ္ဖြဲ႔လွ်င္ ၂၀ ဦးမွ ၆၀ အထိ ဖြဲ႔စည္းထားေၾကာင္း သိရသည္။

————————————————–

(Unicode)

ပြည်သူ့စစ်များ ထားရှိမှု လွှတ်တော်အမတ်မေးခွန်ထုတ်

စက်တင်ဘာ ၁၁
ယဉ်ကေနွယ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်များကို မည်သည့် အတွက်ကြောင့် ထားရှိပြီး ပြည်သူ့ စစ်များ၏ လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်အဖွဲ့များကို မည်သည့် ဌာနအဖွဲ့အစည်းက တာဝန်ခံမည်ကို သိလိုကြောင်း ပေါင်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း က ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

“ငြိမ်းချမ်းတဲ့ နယ်မြေတွေမှာ လည်း ပြည်သူ့စစ်တွေ ဆက်လက်ရှိနေသလို ရဲစခန်းတွေရှိတဲ့ ကျေးရွာတွေမှာ လည်း ပြည်သူ့ စစ်တပ်ဖွဲ့တွေ တွဲပြီးထားတာကိုလည်း တွေ့ရှိရပါတယ်”ဟု ဒေါ်မိကွန်ချမ်းမှ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းမေးမြန်းခဲ့သည်။

ထိုသို့ ပြည်သူများနှင့် အတူ အလွန်နီးကပ်စွာနေထိုင်ရသည့် ပြည်သူ့စစ်အဖွဲ့များအား လက်နက် ၊အာဏာ နှင့် လုပ်ပိုင်ခွင့်များပေးထားမည်ဆိုပါက အချိန်အခါ မရွေး ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်စေကြောင်း ထို့ပြင် အာဏာ အလွှဲသုံးစားမှုများလုပ်လာနိုင်ကြောင်းလည်း ဒေါ်မိကွန်ချမ်းမှ ပြောကြားခဲ့သည်။

ဒေါ်မိကွန်ချမ်း၏ မေးမြန်းမှု အပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်မှ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှု အန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတိုရေရှည် ရည်မှန်းချက် အရ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ရေရှည်တွင် ပြည်သူ တစ်ရပ်လုံးက မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့စစ်ဗျူဟာ အစီအမံ၏ အစိတ်အပိုင်း အဖြစ် ပါဝင်ဆောင်ရွက်နိုင်မည့် ပြည်သူ့စစ်ဌာနေ အဖွဲ့အစည်း များအဖြစ် ဖွဲ့စည်းထားရှိခြင်းပဲ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် မြင့်နွယ် ကပြောသည်။

ထိုသို့ ဖွဲ့စည်းထားသည့် ပြည်သူ့စစ် အဖွဲ့များသည် တပ်မတော် ကြည်း၊ရေ၊လေ တပ်ရင်းတပ်ဖွဲ့များမှ ဖွဲ့စည်းရေး၊လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေး နှင့် တာဝန်ခွဲဝေရေး အပိုင်းတို့ကိုလည်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ စစ်ဌာနချုပ်ရုံးများမှ ၎င်း တို့ နယ်မြေ၌ ဖွဲ့စည်းထားသည့် ပြည်သူ့ စစ်အဖွဲ့များအား ကြီးကြပ်ကွပ်ကဲ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့စစ်နယ်ခြား တပ်များ ညွှန်ကြားရေးမှူးရုံးမှ ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့စစ်များသည် အရပ်သားများ ဖြစ်သည့် အတွက် အမှုအခင်းများဖြစ်ပေါ်လာပြီဆိုပါက အရပ်ဘက် နယ်ဘက် ဥပဒေ ဖြင့် သာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ် မြင့်နွယ်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လက်ရှိ ပြည်သူ့စစ်အဖွဲ့ပေါင်း ၆၀၅၀ ဖွဲ့ရှိပြိး တစ်ဖွဲ့လျှင် ၂၀ ဦးမှ ၆၀ အထိ ဖွဲ့စည်းထားကြောင်း သိရသည်။

Leave a Reply