ကဘူးလ်မြို့မှာ တာလီဘန်တွေဗုံးဝင်ခွဲလို့ ၁၆ ယောက်သေဆုံး၊ ၁၁၉ ယောက်ဒဏ်ရာရ

0
80

စက်တင်ဘာ ၃
နိုင်ငံတကာသတင်း

တနင်္လာနေ့ညက အာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကဘူးလ်မှာ တာလီဘန်စစ်သွေးကြွတွေက အသေခံဗုံးခွဲခဲ့လို့ သေဆုံးသူ ၁၆ ယောက်ရှိလာပြီး လူ ၁၁၉ ယောက်ဒဏ်ရာရခဲ့တယ်လို့ အရာရှိတစ်ယောက်ကအတည်ပြုပါတယ်။

ဒေါသထွက်နေကြတဲ့ကဘူးလ်ဒေသခံတွေက မကြာခဏပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ နိုင်ငံတကာသံတမန်ဝင်းထဲ နံရံကျော်တက်ဝင်ရောက်ပြီး တချို့အဆောက်အအုံတွေကိုမီးရှို့ခဲ့ပါတယ်။

တာလီဘန်တွေကအောင်ပွဲအနေနဲ့သတ်မှတ်ကြတဲ့ တပ်ပြန်ဆုတ်ဖို့အပါအ၀င် အမေရိကန်ရဲ့အကြာရှည်ဆုံးစစ်ပွဲကိုရပ်ဖို့ မူအားဖြင့်သဘောတူညီမှုရခဲ့တယ်လို့ အမေရိကန်ကိုယ်စားလှယ်တွေကပြောခဲ့ပြီးတဲ့နောက်မှာတောင် တာလီဘန်တွေက အခုလိုတိုက်ခိုက်မှုတွေဘာကြောင့်ဆက်လုပ်နေတာလဲဆိုတာတော့ မရှင်းသေးပါဘူး။

အသေခံဗုံးခွဲသူတစ်ယောက်က တနင်္လာနေ့နှောင်းပိုင်းမှာ ရုံးဝင်းကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ နိုင်ငံခြားသား ၄၀၀ လောက်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရသူနာစရက် ရာဟီမီကပြောပါတယ်။

ရုံးဝင်းအနောက်ခြမ်းကိုထိခဲ့တဲ့ပေါက်ကွဲမှုဖြစ်အောင် အသေခံဗုံးခွဲသမားက ဖောက်ခွဲရေးပစ္စည်းတွေတင်လာတဲ့ကားကိုဖောက်ခွဲခဲ့ပြီးချိန်မှာ တိုက်ခိုက်ရေးသမား ၅ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက အသေပစ်ဖမ်းခဲ့ပါတယ်။

အာဖဂန်က အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ လောက် ၅ လအတွင်း တပ်ပြန်ဆုတ်ဖို့ အမေရိကန်ကိုယ်စားလှယ်နဲ့ အာဖဂန်အစိုးရတို့သဘောတူခဲ့ပြီးနာရီပိုင်းအကြာမှာ ပေါက်ကွဲခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် စိတ်တုန်လှုပ်နေတဲ့ကဘူးလ်မြို့ခံတွေက နိုင်ငံခြားတပ်ဖွဲ့တွေပြန်ဆုတ်သွားမလားဆိုတာအပါအ၀င် တာလီဘန်တွေနဲ့ဘယ်လိုသဘောတူညီချက်မဆိုကို ယုံလို့ရပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

အာဖဂန်သမ္မတအာရှက် ဂါနီကတော့ အခုပေါက်ကွဲမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း တာလီဘန်တွေရဲ့တိုက်ခိုက်မှုတွေမြင့်တက်ခဲ့ပြီး အာဖဂန်အစိုးရနဲ့ရော၊ အမေရိကန်နဲ့ရော ညှိနှိုင်းမှုတွေပိုတိုးလုပ်နေချိန်မှာ အဲဒီလိုဖြစ်နေတာပါ။

Source-AP
#ဥက္ကာ
#TheFifthWaveNews
Photo-Tolo News

Leave a Reply