အရပ်သားသေဆုံးမှု အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်မပေးနိုင်ပါက ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒထုတ်ဖော်ပွဲများ ဆက်လက်ပြုလုပ်မည်

0
179

ရန်ကုန် ၊ ဇန်န၀ါရီ ၂၄ ၊၂၀၁၈

ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPPတပ်ဖွဲ့ဝင်သုံးဦးနှင့်အရပ်သားတစ်ဦး သတ်ဖြတ်ခံခဲ့ရခြင်းအတွက် အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်မပေးနိုင်ပါက ကယားပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဖြစ် ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)မှ ခွန်ရဲမင်းကျော်ကပြောသည်။

KNPPတပ်ဖွဲ့ဝင်သုံးဦးနှင့်အရပ်သားတစ်ဦးသေဆုံးခဲ့ရမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် လွိုင်ကော်မြို့တွင် ဆန္ဒထုတ်ဖော် ခဲ့သည့် ခွန်ရဲမင်းကျော်အပါအ၀င် ဦးဆောင်သူ၅ဦးကို ငြိမ်းစုစီပုဒ်မ-၁၉ဖြင့် တရားစွဲဆို၍ထောင်ဒဏ်ရက်၂၀ချမှတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းက လွိုင်ကော်အကျဉ်းထောင်မှပြန်လည်လွတ်မြောက် လာပြီဖြစ်သည်။

“အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကိုပဲကြိုးစားလုပ်ဆောင်သွားမှာပါ အစိုးရအနေနဲ့ ပြည်သူကိုဒီအမှုအတွက်လုပ်ဆောင်နေ တဲ့ ဘယ်အဆင့်အထိရောက်နေပြီဆိုတာကိုထုတ်ပြန်ချက်ပေးဖို့အတွက်တောင်းဆိုထားတယ်။ အမှုမှန်ပေါ်ပေါက် အောင်ဆောင်ရွက် မပေးနိုင် သေးဘူး ဆိုရင်တော့ ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံး အနေနဲ့ ဆန္ဒထုတ်ဖော်မယ်၊ ကန်ပိန်း တွေလုပ်သွားမယ်”ဟု ခွန်ရဲမင်းကျော်က ပဉ္စမလှိုင်းသို့ပြောကြားသည်။

ခွန်ရဲမင်းကျော်အပါအ၀င်လူငယ် ၅ဦးကိုဆန္ဒထုတ်ဖော်မှု အတွက် ဖမ်းဆီးခံရမှုနှင့်ပတ်သတ်၍တရားရုံးသို့လိုက်ပါပို့ ဆောင်ဆန္ဒ ထပ်မံ ထုတ်ဖော်ခဲ့သည့် ခွန်းအသန်း ၊ ခွန်းဘီထူးနှင့် ခူးတူရယ်တို့သုံးဦးကို ငြိမ်းစုစီပုဒ်မ-၁၉ဖြင့်ထပ်မံတ ရားစွဲဆိုခဲ့ပြီး ဇန်န၀ါရီ ၂၃ရက်နေ့ ဒုတိယမြောက်ရုံးချိန်းအပြီးတွင် တရားစွဲဆိုမှုကိုပြန်လည် ရုပ်သိမ်း ခဲ့သည်။

“ပြည်သူကလိုလားတဲ့ပြည်သူတင်မြှောက်ထားတဲ့အစိုးရလို့ပြောရင် ပြည်သူတွေမျှော်လင့်တာကိုမဖော်ဆောင်နိုင်ဘူး။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဆန္ဒထုတ်ဖော်တဲ့သူတွေကိုထပ်ဖမ်းတာက နှိပ်ကွပ်တဲ့ အစိုးရလို့ပဲကျွန်တော်ပြောချင် တယ်”ဟု ၎င်းကပြောသည်။

KNPPအဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ်NCAလက်မှတ်ရေးထိုးရခြင်းမရှိ သေးသည့်ညီညွတ် သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်သည်။

ကိုဥာဏ်

Leave a Reply